khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြီး အကျပ်အတည်းများ ကြုံနေရမှု၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်များကြောင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

ရန်ကုန်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြီး အကျပ်အတည်းများ ကြုံနေရမှု၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်များကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဆင်းရဲမွဲတေမှုလျော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၅ နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကိုရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ လူဉီးရေ၏ ထက်ဝက် နီးပါး မှာ ဆင်းရဲ မွဲတေမှုသတ်မှတ်မျဉ်းအောက်တွင် နေထိုင်နေရကြောင်း၊ မြန်မာပြည်သူများခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခ္ခမလုံလောက်မှုနှင့်အတူ အစစသော အကျပ်အတည်းများ၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်ဖြစ်ကြောင်း၊ မြန်မာပြည်သူများလိုလား တောင်းတဆောင် ရွက်နေသည့် စစ်အာဏာရှင်စနစ် အပြီး တိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အပေါ် နိုင်ငံတကာမှ ထိရောက်မြင်သာသည့် ကူညီမှုများပံ့ပိုးပေးရန် သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာကလေးငယ်များ၏ ၅၅)ရာခိုင်နှုန်းကျော်မှာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေကြရပြီး ကလေးငယ် ၅ သိန်း နီးပါး မှာ ၂၀၂၄ ခုနှစ်အတွင်း အလွန် အမင်းအာဟာရချို့တဲ့မှုကို ခံစားရမည်ဟု ခန့်မှန်းထားကြောင်း၊ ယမန်နှစ်ကထက် ၅၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ဝင်ငွေနည်းပါးလာမှုနှင့် ဝင်ငွေရရှိရန် ခက်ခဲလာမှုများသည် မိသားစုများ၏ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များ လျော့ချရသည့် အတွက် အနုတ်လက္ခဏာဖြစ်ရာ အလွန်ဆင်းရဲသော မိသားစုများသည် အသုံးစရိတ်၏ ၂ ရာခိုင်နှုန်းသာ ပညာရေးအတွက် အသုံးပြုနိုင်ကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသည်။

လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှုသည် တိုင်းပြည်၏မျိုးဆက်သစ်များအတွက် နောင်နှစ်ပေါင်း များစွာအထိ သက်ရောက်မှုဖြစ်စေမည်ဖြစ်ရာ ရေရှည်ဖွံဖြိုးတိုးတက်ရေးရည် မှန်းချက် အကောင်အထည်ဖော်ရေးတွင် “Leaving no one behind” ကိုထိခိုက်မည်မှာ သေချာပါကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံ၏အနာဂတ်မျိုးဆက်သစ်များအား နောက်ချန်ထားခဲ့သည်ကို အထင်အရှား ပြသလျက်ရှိကြောင်း၊ ယခုကဲ့သို့သော ဝမ်းနည်းစရာအဖြစ်အပျက်များနှင့် ကိန်းဂဏန်းအချက် အလက်များကို ပြောကြားရသည်မှာ လွန်စွာစိတ်မကောင်းသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းရှင်းလင်းလင်းနှင့် ဓမ္မဓိဌာန် ကျကျ သိရှိစေလိုသည့် အတွက် ဆက်လက် ပြောကြားနေရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။

Читать полностью…

Khit Thit Media

ကနီမြို့နယ်၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင်၅၀၀ဗုံးကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဘုတလင်နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

"ရွာ ရဲ့ တောင်ဘက် ပဲစိမ်းငုံစိုက်ခင်းထဲကို ကျဲသွားတာလေ။ ဘာကြောင့်ကျဲချတာလဲ ဆိုတော့ ကနီတာဝါတိုင်စခန်းဘက်မှာတော့ စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ မနေ့က တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီတိုက်ပွဲကို ပုလဲ၊ယင်မာပင်၊ဆားလင်းကြီးမြို့ဘက်က PDFတွေစစ်ကူသွားမယ်အထင်နဲ့ ဗုံးကျဲတာဖြစ်နိုင်တယ်။ ဗုံးကျဲမှုကြောင့် အသက်၅နှစ်ရွယ်နဲ့ အသက် ၈နှစ်အရွယ်ကလေးငယ် ၂ ဦးအပါဝင်ပြည်သူ၄ဦးဗုံးစထိမှန်ခဲ့တယ်။ ဗုံးစထိပြီး ဒဏ်ရာရသူတွေကတော့ ကိုလင်းလင်းဇော် အသက် ၃၉နှစ် လက်ထိခိုက်တယ်။ မထားထားလှိုင်အသက် ၃၁ နှစ်ဦးခေါင်း၊ခါး၊လက်ကျိုးတယ်။ ကလေး ၂ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရတယ်လိုသိထားရတယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ သခွတ္တနယ်ဘက်တွင် စစ်လေယာဥင်္များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ရန်ကုန်တွင် စစ်ကောင်စီက ကျင်းပလျက်ရှိသော သီတင်းကျွတ် စျေးရောင်းပွဲ လူမရှိ၍ တစ်ရပ်ကွက်လျှင် လူ ၅ ဦးနှုန်း မဖြစ်မနေ လာရောက်ရန် စစ်တပ်က စေခိုင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိသားစုလိုက် လာရန် အမိန့်ပေး

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် စစ်ကောင်စီက ပြုလုပ်လျက်ရှိသော သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို လူစည်ကားစေရန်အတွက် တစ်ရပ်ကွက်လျှင် လူ ၅ ဦးနှုန်းဖြင့် မဖြစ်မနေ လာရောက်ရန် စစ်တပ်နှင့်ထွေ/အုပ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို စေခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့ အထိ ရန်ကုန်ပြည်သူ့ရင်ပြင်တွင် ပြုလုပ်လျက်ရှိသော သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်သို့ လူစည်ကားစေရန် အဓိကရည်ရွယ်၍ ရပ်ကွက်တစ်ခုလျှင် လူ ၅ ဦး ပေးရန် ဆင့်ခေါ်ကြောင်း၊ မြို့နယ်များအလိုက် နေ့စဉ် မနက် ၈ နာရီမှ ည ၁၁ နာရီအထိ သွားရောက်ရကြောင်း သိရှိရသည်။

"တစ်ရပ်ကွက်ကို လူ ၅ ဦး မြို့နယ် ထွေအုပ်ရုံးကို ပို့ပေးရတယ်။ အဲဒီကနေမှ ပြည်သူ့ရင်ပြင်ကို ခေါ်တယ်။ တစ်ချို့မြို့နယ်တွေက ညပိုင်းအလှည့်ကျတယ်။ တချို့မြို့နယ်တွေက မနက်ပိုင်းသွားရတယ်" ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတပွဲကို နေ့စဉ် မနက် ၈ နာရီမှ ည ၁၁ နာရီအထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများကိုလည်း မဖြစ်မနေ လာရောက်ရမည်ဟု ဆင့်ခေါ်ကြောင်း သိရှိရသည်။

"ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ ရန်ကုန်မှာ လုပ်တဲ့ ပွဲတိုင်းလာရတယ်။ မိသားစုဝင်တွေရော။ မဖြစ်မနေလာခိုင်းတာ။ လာတဲ့သူတွေကို သက်ဆိုင်ရာဌာနတွေက ကားစီစဉ်ပေးတယ်။ အစား အသောက်စီစဉ်ပေးတယ်" ဟု ရန်ကုန်သမဝါယမရုံးခွဲမှ အရာထမ်းတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ အုပ်ချုပ်နေသည့် သီတင်းကျွတ်ပွဲတော်ကာလသည် အလွန်စည်ကားပြီး ဘုရားပုထိုးများတွင် လူများ ပြည့်နှက်နေကာ ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဝါဒဖြန့် ဖော်ပြထားသည်။

Читать полностью…

Khit Thit Media

မြဝတီနှင့် ဖလူးဒေသ တလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူကို အမြဲတစေ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိဟု KNU ကြေညာ၊ စစ်သုံ့ပန်းများနှင့် ၁၂၀ မမ အမြောက် ၂ လက်၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြ၀တီနှင့် ဖလူးဒေသ တလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူကို အမြဲတစေ လူ့အခွင့် အရေး ချိုးဖောက်ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNUဗဟိုက ကြေညာသည်။

အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိကြောင်း KNU ကြေညာသည်။

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်း သည် ၂၀၀၃ ခုနှစ်မှ စတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ တာဝန်ယူခဲ့ကာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းသည့် အချိန်မှစပြီး တပ်မ ၂၂ တပ်မ ၄၄ နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော တပ်စခန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

၎င်းတပ်စခန်းသည် ထိုင်းမြန်မာနယ်စပ်တွင်တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးသည့် အချိန်မှစတင်၍ မြဝတီနှင့် ဖလူးဒေသတလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ပြည်သူလူထုကို အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ်စခန်း တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

ထိုတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်တို့က ၇ လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စခန်း သိမ်းပိုက်စဉ် အတွင်း စစ်သုံ့ပန်းများအပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များထံမှ ၁၂၀ မမ လက်နက်ကြီး ၂ လက်၊ ပွိုင့်ဖိုက် ၁ လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းအမြှောက်အများ ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဒဂုံဧရာအဝေးပြေးကားဝင်းမှာ စစ်မှုထမ်းဖို့အတွက်လို့ဆိုပြီး အမည်မသိအရပ်ဝတ်တွေနဲ့ လူအစုအဖွဲ့တစ်ခုက တစ်ရက်တည်း အမျိုးသား ၆၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ သလို ရှမ်းပြည်နယ်အရှေ့ပိုင်းကို ခရီးသည်တင်လေယာဉ်နဲ့ ပို့ဖို့ပြင်ဆင်နေစဉ် တချို့ ထွက်ပြေးလွတ်မြောက် လာတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- ကချင်ပြည်နယ်၊ ပန်ဝါနဲ့ ကန်ပိုက်တီးဒေသက ချန်းယင်းခူးစစ်စခန်းနဲ့ BGF ၁၀၀၃ တပ်ရင်းရဲ့ ကာကင်း စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး ပန်ဝါနယ်စပ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာ ကို ပြောပါတယ်။

- မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ စုရပ်နေရာကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


https://www.youtube.com/watch?v=9zljkyURQgk

Читать полностью…

Khit Thit Media

နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ည စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများကျဲချ၊ ပြည်သူများ ဘုရားပူဇော် ဆီမီးမထွန်းနိုင်ဘဲ ဗုံးခိုကျင်းအတွင်း ညလုံးပေါက် ပုန်းခိုရ

ရန်ကုန်၊ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့် အဆက်မပြတ်ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများက ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်း သီတင်းကျွတ်လပြည့်ည ဘုရားသွား၊ ကျောင်းတက်၊ ဆီမီးပူဇော်နေကြချိန် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များက နောင်ချိုမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများ အဆက်မပြတ်ကျဲချခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း အဆက်မပြတ် ဗုံးများကျဲချမှုကြောင့် နောင်ချိုမြို့ပေါ်ရှိ ပြည်သူများမှာ သီတင်းကျွတ်ညကို ဗုံးခိုကျင်းများတွင် ပုန်းခိုအချိန်ကုန်ဆုံးခဲ့ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

"နေ့လယ်က Y12 လေယာဉ်တွေနဲ့ ကင်းထောက်လေယာဉ်တွေ တစ်ချိန်လုံးဝဲနေရာကနေ ညကျတော့ လေယာဉ်တွေနဲ့ ဗုံးတွေ ကျဲတော့တာပဲ။ သီတင်းကျွတ်လပြည့်ညကတော့ ဗုံးခိုကျင်းထဲမှာပဲ ကုန်ဆုံးပါတယ်။ မနေ့ည ၉ နာရီ ၅၀ လောက်ကနေ ည ၁၂ လောက်အထိ လေယာဉ်တွေ ဝဲပြီး ဗုံးတွေကျဲချသွားတာ" ဟု နောင်ချိုမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ယင်းနောက် ည ၁၀ နာရီ ၈ မိနစ်အချိန် နောင်ချိုမြို့ပေါ် ထွေ/အုပ်ရုံးသို့လည်းကောင်း လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် နောင်ချိုမြို့ စာရင်းရုံးကို ယမန်နေ့ ည ၁၀ နာရီ ၉ မိနစ်အချိန်တွင်လည်းကောင်း၊ ယမန်နေ့ည ၁၁ နာရီ ၃၂ မိနစ်အချိန် နောင်ချိုမြို့မရဲစခန်းကိုလည်းကောင်း လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။

"အထိအခိုက်အပျက်အစီးကတော့ များနိုင်တယ်။ သီတင်းကျွတ်ညဆိုတော့ သွားသွားလာလာရှိနေတဲ့အချိန် ဗုံးတွေကျဲချတာ" ဟု နောင်ချိုမြို့မှ ပြည်သူက ဆက်လက်ပြောဆိုသည်။

နောင်ချိုမြို့ကို ဗုံးကျဲသော စစ်ကောင်စီ၏ လေယာဉ်များမှာ တံတားဦးလေတပ်နှင့် ရှမ်းတဲလေတပ်မှ လေယာဉ်များဖြစ်ကြောင်း လေ ကြောင်း ကင်းထောက် NAS က ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ - TNLA ဦးဆောင်သော မဟာမိတ်တပ်များ သိမ်းပိုက်ထားသော နောင်ချိုမြို့မရဲစခန်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

ဒီပဲယင်းမြို့ကို စစ်တပ်က ယနေ့ သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ ည ၉ နာရီ ၃၃ မိနစ်နှင့် ၉ နာရီ ၃၇ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီပဲယင်းမြို့ကို တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

"ဒီပဲယင်းမြို့ပေါ်ကို ဒီနေ့ သတင်းကျွတ်လပြည့်နေ့ ညအချိန်မှာ ဖိုက်တာနဲ့ ၂ကြိမ် ကျဲသွားတယ်။ တံတားဦးတက်လာ်တဲ့ MiG-29 ဖိုက်တာနဲ့ ကန့်ဘလူနယ်ဘက်ကနေ ပြန်ဝိုက်လာပြီး ဒီပဲယင်းမြို့ပေါ်ကို ၂ ကြိမ်ဗုံးကျဲသွားတာ လက်ရှိအချိန်ထိ ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ အခုည ရေဦးနယ်အနောက်ခြမ်းရွာတွေပေါ်ကနေ ပတ်ဝဲပြီး ၉ နာရီ ၃၃ မိနစ်နဲ့ ၉ နာရီ ၃၇ မိနစ်တွေမှာ ကျဲသွားတာပါ" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

Читать полностью…

Khit Thit Media

အညာပစ်တိုင်းထောင်လေးများအဖွဲ့က အညာဒေသ စစ်ရှောင်ပြည်သူများ ၊ မီးဘေးသင့်ပြည်သူများနှင့်အတူ ဆီမီးသပိတ်ပြုလုပ်

ရန်ကုန်၊အောက်တိုဘာ ၁၇

အညာပစ်တိုင်းထောင်လေးများအဖွဲ့က သီတင်းကျွတ်လပြည့်နေ့တွင် အညာဒေသ စစ်ရှောင် မီးဘေးသင့်ပြည်သူများနှင့်အတူ ဆီမီးသပိတ်ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲမှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ၂ ရက်ဆက် တိုက်ခိုက်မှုအတွင်း ကန့်ဘလူမြို့နယ်ရှိ စံပါယ်နံ့သာရွာ၊ ရေရှင်ကြီးရွာနှင့် အောင်တိုင်းလယ်ရွာ မှ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းကလည်း စံပါယ်နံ့သာရွာရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်းက ရေရှင်ကြီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ရာ ရေရှင်ကြီးရွာမှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ခရီးသွား ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ အောင်တိုင်းလယ်ကျေးရွာကိုလည်း ယင်းနေ့တွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက်၅၀ ကျော်အရွယ် ဒေါ်ရွှေ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် ထပ်တိုက် တွေ့ဆုံမိခဲ့သည် ၂ မိုင်တောတိုက်မှ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီ တပ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စံပါယ်နံ့သာရွာ အထိုင်စခန်းက ဒရုန်းဖြင့် ထပ်မံ၍ ဒရုန်ဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ မှန်နီပင်ရွာမှ အသက် ၃၅ နှစ်အရွယ် မအိအိခိုင်နှင့် အသက် ၂၅ နှစ်အရွယ် မအိအိနိုင် တို့ ညီအစ်မ ၂ ဦး ၊ အသက် ၅၀ အရွယ် ဒေါ်လှော် နှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် မဖူးဝေ အပါအဝင် စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၄ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။

ထို့သို့ နှစ်ရက်တာအတွင်း အကြမ်းဖက် စစ်တပ်၏ လူမဆန်သော အကြမ်းဖက် လုပ်ရပ်များကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၇ ဦးမှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် စံပါယ်နံ့သာ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများလည်း အရေးပေါ်ထွက်ပြေး တိမ်းရှောင်တိမ်းနေရကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ်တွင် စစ်ရှောင်စခန်း ၄နေရာကို ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊စက်တင်ဘာ ၂၈

ဆားလင်းကြီးမြို့နယ်တွင် စစ်ရှောင်စခန်း ၄ နေရာမှ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်ကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊စက်တင်ဘာ ၂၈

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို စက်တင်ဘာလ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ရွေးကောက်ပွဲတို့ကို ပြည်သူများ အနေနှင့် တတ်နိုင်သမျှနည်းလမ်းများနှင့် ဆန့်ကျင်ကြရန် တိုက်တွန်းသည့် အနေနှင့် အဆိုပါ လှုပ်ရှားမှုကို "စစ်ကောင်စီ သန်းခေါင်စာရင်းကို ငြင်းဆန်ကြ၊ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြ" ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့ကို ရိက္ခာပို့ပြီး မုံရွာသို့ ပြန်လာသည့် စစ်သင်္ဘော ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကို ရိက္ခာပို့ပြီး မုံရွာသို့ ချင်းတွင်းမြစ်ကြောင်း အတိုင်း ပြန်လာသည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့မှ အကြမ်းဖက်စစ်သားများနှင့် လက်နက်ခဲယမ်း ရိက္ခာများ ဆားလင်းကြီးမြို့သို့ သွားရောက် ပို့ဆောင်ပြီးနောက် မုံရွာမြို့ကို ပြန်လာစဉ် ချင်းတွင်းမြစ်ကြောင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်‌ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers People Defense Force ၊ Fight For Freedom (F3) နှင့် Chindwin Defence Force (CDF) တို့ ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် မွန်းလွဲ ၁နာရီ ဝန်းကျင်ခန့်တွင် ကောလင်းမြို့နယ်ရှိ တဂေါင်းရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ပစ်တာက ရွာစာသင် ကျောင်းကို ပစ်မှတ်ထားပစ်ခတ်တာ။ဘာသတင်းရလို့တော့မသိဘူး။မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ပစ်တာက Rocketနဲ့ရာ စက်လက်နဲ့ရာပစ်တာ။အဲလိုပစ်ခတ်လို့ ပြည်သူထဲက လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယာက် ကျည်စထိမှန်ထားတာရှိတယ်။လူကြီးက လက်ထိတယ်။ကလေးက ခြေထောက်ထိတယ်။နှစ်‌ယောက်စလုံးက‌တော့အသက်အန္တရယ်တော့ မစိုးရိမ်ရဘူးလို့" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရဟတ်ယာဉ်သည် ကန်ဘလူမြို့နယ် ၆၀၀၆ တပ်ရင်းမှ တက်လာခြင်းဖြစ်ကြောင်း။ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း လူနေအိမ်နှင့် စာသင်‌ကျောင်းများ ပျက်စီးမှုရှိနိုင်ပြီး နောက်ထပ် ၁ ကြိမ် စစ်တပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မည်ကို ပြည်သူများ စိုးရိမ်ပြီး သွားရောက်မကြည့်ရဲဘဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ အနောက် ခြမ်းရှိ တကောင်းအိုင်ရွာ ဘုန်းကြီးကျောင်း၊ ဥက္ကံရွာနှင့် မူတိမ်ရွာ အနီးတို့ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုကိုလည်း ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

"လောလောဆယ်ကတော့ အနောက်ခြမ်းမှာ ဝဲနေတုန်းပါက။ ၅ကြိမ်တိုက်သွားတယ်။ တကောင်းအိုင်နဲ့ ဒီဥက္ကံရွာ ပတ်ချာလည်က ဒီတောစပ်တွေ ပစ်သွားတာပေါ့။ ကောလင်းမြို့ အနောက်ခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူလာလုပ်ပါတယ်။ ၅ ကြိမ် တိုင်တိုင်လုပ်ထားပါတယ်။ လက်ရှိ အခြေအနေထိပေါ့" ဟု ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။

Читать полностью…

Khit Thit Media

အကြမ်းဖက်စစ်ကောင်စီက နောင်မွန်မြို့နယ်ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားပြည်သူ ၁ ဦး ခြေထောက် ပြတ်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို ယနေ့နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး ခြေထောက်ပြတ်သွားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်မှ နံနက် ၂ နာရီ ၅၀ မိနစ် အကြားတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့က သိန္နီခရိုင်သံလွင်လျင်ဟိုန်ဒေသ နောင်မွန်မြို့နယ်ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးအသေး ၁၀ လုံးထက်မနည်း ကျဲချခဲ့ပြီး အရပ်သားတစ်ဦး၏ ဘယ်ဘက်ခြေဖဝါး ထိခိုက်ပြုတ်ထွက်သွားကာ နေအိမ်များနှင့် လမ်းများ စသည်တို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက MNDAA သိမ်းပိုက်ထားသော နယ်မြေများကို ဆက်တိုက်သလို ဗုံးကျဲလျက်ရှိရာ ၁ လအတွင်း ဗုံးကျဲမှုများကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် မြေပြင်လူထုသပိတ်တိုက်ပွဲပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၂၀

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee-Northern California ဦးဆောင်၍ “တရုတ်ကွန်မြူနစ်အစိုးရဲ့ နွေဦးတော်လှန်ရေးအပေါ် နှောက်ယှက်ဟန့်တားနေမှုများကို စုပေါင်းအားနဲ့ ဆန့်ကျင်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် ၁၄၄ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများ၊ထောက်ပို့ပြည်သူများက ညီညီညွတ်ညွတ် အတူတကွ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးထောင်ဒဏ်ချမှတ်ထားသည့် ရှေ့နေဒေါ်ရွက်နုအောင် ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရပြီး NUG ဝန်ကြီးက ကိုယ်စားတက်ရောက် ဆုလက်ခံမည်

ရန်ကုန် ၊ အောက်တိုဘာ ၁၈

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခံထားသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024) ဆုချီးမြှင့်လိုက်ကြောင်း သိရှိရသည်။

အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) Via Emilio de’ Cavalieri အဖွဲ့အစည်းက ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024 ) ကို ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ၊ ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ရွက်နုအောင်၏ လွတ်လပ်သော တရားရေးဆိုင်ရာ လုပ်ငန်းများလုပ် ဆောင်နေမှု၊ နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ တက်ကြွစွာ လူ့အခွင့်အရေး ကာကွယ် လုပ်ဆောင်နေမှုကို အကြောင်းပြု၍ ယခုကဲ့သို့ လူ့အခွင့်အရေးဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း ဆုချီးမြှင့်သူများဘက်က ထုတ်ဖော်ပြောဆိုထားသည်။

ဒေါ်ရွက်နုအောင်သည် ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ မန္တလေးအိုးဘိုထောင်တွင် တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်ကာ ဆုကို လာရောက်လက်ခံယူနိုင်ခြင်းမရှိသဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်ဟောင်းများ၏အမှုများကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် ပေးခဲ့သည့်တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ပုဒ်မ- ၅၀ (ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် သေ ဆုံး၊ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးကာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မြေပြင်ရှိ တော် လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လောင်းလုံးမြို့နယ်၊ အောက်ဘက် ညင်း မော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်ကျေးရွာများဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရင်းဘုတ် ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၆ ရက် နေ့ကလည်း ငုံတောင်တွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ် သားအများအပြားသေဆုံးပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်က လူလတ်ပိုင်း အမျိုးသားပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် လေဖြတ်နေသည့် အမျိုးသမီးတစ်ဦးလည်း နှလုံးရပ်သေဆုံးခဲ့ကြောင်း၊ ထိုသို့ စစ်ဘေးရှောင်ရင်း ထွက်ပြေးရာက အမျိုးသမီးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

“ကဒက်ငယ်ထိန်ရွာက အသက် ၃၀ ဝန်းကျင်အရွယ် လူလတ်ပိုင်း ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်။ လေဖြတ်ပြီး အိပ်ယာထဲလဲနေတဲ့ အမျိုး သမီးတစ်ဦး လက်နက်ကြီးသံကြောင့် နှလုံးရပ် သေတယ်၊ အမျိုးသမီးတစ်ဦးလည်း ပြေးရင်းလွှားရင်း မြောင်းထဲကျပြီး သေတယ်။ ဒါက ရေဖြူကျေးရွာ ငုံး‌ တောင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုပါ။ ဖမ်းဆီးခံထားရတဲ့ အရပ်သား ပြည်သူ ၁၀၀ ကျော်မှာ ၅၀ ကျော်လောက်တော့ ပြန်လွှတ်ပေးပြီးပြီ။ ၅၀ ကျော်လောက်တော့ လူ သား ဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေဆဲပါ” ဟု မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် လောင်းလုံးမြို့နယ်အောက်ဘက်ကျေးရွာများဖြစ်သည့် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်စသည့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသနေပြည်သူ ထောင်ချီ ထွက် ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ် ကြောင်း သိရ သည်။

ဓာတ်ပုံ - လောင်းလုံးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

Читать полностью…

Khit Thit Media

စစ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့် မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ရှေ့တန်းရောက်ရှိလာပြီး သမိုင်းဝင် အနိမ့်ဆုံး အခြေအနေ ရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့် မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ရှေ့တန်းရောက်ရှိလာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ယမန်နေ့ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရသည်။

မြန်မာနိုင်ငံသည် Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ အင်တာနက်လွတ်လပ်ခွင့်မှု အဆင့်အတန်း အမှတ်မှာ ၈ မှတ်သာ ရှိပြီး တရုတ်နိုင်ငံက အင်တာနက်လွတ်လပ်ခွင့်အဆင့်အတန်းမှာ အမှတ် ၉ မှတ်ဖြစ်၍ တရုတ်နိုင်ငံထက်ပင်ပိုမိုဆိုးရွားသည့်အခြေအနေ ဖြစ်ထွန်းနေခြင်းဖြစ်ကြောင်း သိရှီရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့်သည် 2023 ခုနှစ်မှ 2024 ခုနှစ်အတွင်း တစ်ဖန် ယိုယွင်းလာခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာပေါ်တွင် အဆိုးဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် စစ်တပ်၏ VPN ပိတ်ဆို့ခြင်းသည် အခြေအနေကို သိသိသာသာ ဆိုးရွားသွားစေပြီး နိုင်ငံတွင် ဒစ်ဂျစ်တယ်အခွင့်အရေးများ ဖိနှိပ်မှုသို့ ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့်သည် သမိုင်းဝင် နိမ့်ပါးသွားခဲ့ပြီး မြန်မာ့ သတင်းအချက်အလက် ပတ်ဝန်းကျင်သည် ကမ္ဘာပေါ်တွင် အဆိုးဆုံးများထဲမှ တစ်ခု ဖြစ်လာကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ဒေသအလိုက် အင်တာနက် သုံးစွဲခွင့်ပိတ်ပင်မှုများ၊ အင်တာနက် ဒေတာသုံးစွဲခများ ဈေးတက်ခြင်း၊ အွန်လိုင်းအသုံးပြုမှုအပေါ် မူတည်၍ ဖမ်းဆီးထောင်ချ မတရားတရားစွဲဆိုခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အင်တာနက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူအားလုံးအပေါ် စစ်တပ်၏ တိုက်ရိုက်နှင့် သွယ်ဝိုက်ထိန်းချုပ်မှုသည် အသုံးပြုသူမှတ်ပုံတင်ခြင်းဆိုင်ရာ တင်းကျပ်သောစည်းမျဉ်းများအပြင် အစုလိုက်အပြုံလိုက် ဆင်ဆာဖြတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ၎င်းတို့ကျူးလွန်သော ရက်စက်ယုတ်မာမှုများှနင့် အကြမ်းဖက်မှုများကို ပေါက်ကြား မျှဝေခြင်းမရှိစေရန် ကန့်သတ်မှုများ နှင့် စည်းကမ်းများ ပြဋ္ဌာန်းလုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် WhatsApp၊ X နှင့် Instagraအသုံးပြုခြင်းများကို စစ်တပ်က ကန့်သတ်ခဲ့ကြောင်း၊ နာမည်ကျော် VPN များဖြစ်သည့် Psiphon နှင့် NordVPN အပါအဝင် လူကြိုက်များသော VPN အများအပြားကိုလည်း ပိတ်ပင်ခဲ့ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်သော အရေးအသားများ လူမှုကွန်ရက်တင်ခဲ့ကြသည့် အင်တာနက်အသုံးပြုသူ အများအပြားသည် ၎င်းတို့၏ အွန်လိုင်းလှုပ်ရှားမှုများအတွက် ထောင်ချခံခဲ့ရကြောင်း။ စစ်တရားရုံးများက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး သေဒဏ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း Freedom House က ပြောသည်။

၂၀၂၄ ခုနှစ်မေလတွင် စစ်တပ်က မိုဘိုင်းလ်ဖုန်းများတွင် VPN Application ပါဝင်သည့် ဖုန်းကိုင်ဆောင်သော ပြည်သူများကို စစ်ဆေးဖမ်းဆီးခြင်းနှင့် ဒဏ်ရိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးကတည်းက စစ်တပ်က ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အကြိမ်ကြိမ် ပိတ်ပစ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့အစောပိုင်းတွင် လက်နက်ကိုင်စစ်သားများက ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်ရုံးများသို့ အတင်းအကျပ်ဝင်ရောက်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုခွင့်ကို ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်၏ အင်တာနက်သုံးစွဲခွင့် ပိတ်ပင်မှုများကြောင့် ပြည်သူအများအပြား ဒုက္ခရောက်နေကြရပြီး အထူးသဖြင့် တိုက်ပွဲများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသများတွင် အခြေအနေဆိုးဝါးကြောင်း၊ အာဏာသိမ်းပြီးကတည်းက မြန်မာ့အင်တာနက်အခြေခံအဆောက်အအုံကို စစ်တပ်က ချုပ်ကိုင်ထားရန် ကြိုးပမ်းနေကြောင်း၊ စစ်တပ်က လိုင်စင်မဲ့ ဂြိုလ်တုပစ္စည်းများဖြင့် အင်တာနက်အသုံးပြုခြင်းအား တရားမဝင်ကြောင်းနှင့် သုံးစွဲသူများအား တရားစွဲမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ကျေးလက်ဒေသမှ မိုဘိုင်းလ်အင်တာနက်ဖြင့် လူမှုကွန်ရက် အသုံးပြုနေသော လယ်သမား မိသားစုတစ်စု။

Photo- Craig Mod

Читать полностью…

Khit Thit Media

ရေနံချောင်းတွင် ဗိုလ်မှူးသန်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ဇင်ဦးတို့ ဦးဆောင်၍ စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ် ၇၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်း

ရန်ကုန်၊ အောက်တိုဘာ ၁၈

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ဗိုလ်မှူးသန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ဇင်ဦးတို့ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ယခုအောက် တိုဘာလအတွင်း စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် လူငယ် ၇၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်းတစ်တိုင်းလုံးတွင် ရေနံချောင်းမြို့နယ်က စစ်သား စုဆောင်းရန် ပေါ်တာဆွဲမှု အများဆုံးမြို့နယ်ဖြစ်ကြောင်း၊ အထူးသဖြင့် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူး သန်းဌေး၊ အုပ်ချုပ်ရေးမှူး အောင်ဇင်ဦးတို့ ဦးဆောင်၍ မြို့နယ်ရဲမှူး၊ လ၀ကမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က လူငယ်များကို ဧည့်စာရင်းစစ်၍ ဖမ်းဆီးခြင်း၊ လမ်းများ ပိတ်ဆို့၍ ဖမ်း ဆီး ခြင်း အပါအဝင် ပုံစံမျိုးဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိကာလအပိုင်း အခြား အချိန်အတွင်းတွင်ပင် လူငယ် ၇၀ ဦးကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

ဗိုလ်မှူးသန်းဌေးက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် မကွေးရှိ ခမရ ၃၀၁ နှင့် ၃၁၇ တပ်များသို့ ပို့ဆောင်ကြောင်း၊ ငွေကြေးတတ် နိုင်သူများကိုမူ ငွေကြေးဖြင့် ပြန်လည် ရွေးခိုင်းပြီး လွှတ်ပေးကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်ထဲ အသွင်းခံရသူများမှာ ငွေကြေးမတတ်နိုင်သော လက်လုပ်လက်စား မိသားစုများမှ လူငယ်များဖြစ်ကြောင်း သိရှိရသည်။

"ဗိုလ်မှူးသန်းဌေး၊ လ၀က မြို့နယ်ဦးစီးမှူး တင်အောင်ကျော်၊ ရဲမြို့နယ်မှူး ရဲမှူးတို့က အတွဲညီညီပဲ အဲဒါ ပေါ်တာဆွဲတယ်။ ငွေတတ်နိုင်သူဆိုရင် ငွေတောင်းတယ်။ ငွေမပေးနိုင်တဲ့သူတွေကို တပ်ထဲပို့တယ်။ ပေါ်တာအဆွဲခံရသူအများစုက တစ်နေ့လုပ်တစ်နေ့စား မရှိဆင်းရဲသားများသာဖြစ်တယ်။ မဲပေါက်လို့ မ ဟုတ်ဘဲ အများစုကအလုပ်သွားရင်း လမ်းမှာသွားလာရင်း မတရားပေါ်တာအဆွဲခံရတာပါ။ ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း မြို့နယ်အုပ်ချုပ်ရေးကောင်စီ အလိုကျ လိုက်လုပ်ပေးနေပါတယ်"ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရေနံချောင်းမြို့နယ်အတွင်း ပေါ်တာဆွဲဖမ်းဆီးမှုမှ ရရှိသော လူငယ်များကို စစ်မှုထမ်း စစ်သား အရေအတွက် အပြည့်အမီ မရရှိသော အခြားမြို့နယ်များသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ရောင်းချပေးကြောင်း သိရှိရသည်။

"ဗိုလ်မှူးသန်းဌေး၊ လ၀ကမှူးနဲ့ မြို့နယ်ထွေအုပ် တို့ ပေါင်းပြီး ငွေကြေးတွေနဲ့ တခြားမြို့တွေဆီကို ပေါ်တာဆွဲထားတဲ့ လူငယ်တွေကို ပြန်ရောင်းစားတယ်" ဟု မြို့နယ်အုပ်ချုပ်ရေးကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ဗိုလ်မှူးသန်းဌေးဦးဆောင်သော ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က စစ်မှုထမ်းရေး ဝါဒဖြန့် စည်းရုံးပွဲတွင် ပြည်သူများနှင့်တွေ့ဆုံနေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၇

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁၇ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ပန်ဝါနှင့် ကမ်ပိုင်တီ ဒေသရှိ ချန်းယင်းခူး စစ်စခန်းနှင့် BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်၊ ပန်ဝါနယ်စပ်ကို စစ်ဘေးရှောင်လာသည့် ပြည်သူများကို တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထား

ရန်ကုန်၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ ပန်ဝါနှင့် ကမ်ပိုင်တီ ဒေသရှိ ချန်းယင်းခူး စစ်စခန်းနှင့် BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်လိုက်ပြီး ပန်ဝါနယ်စပ်ကို စစ်ဘေးရှောင်လာသည့် ပြည်သူများကို တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထားကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပန်ဝါမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ချန်းယင်းခူး စခန်းနှင့် ကမ်ပိုင်တီမြို့နှင့် ၇ မိုင်ခန့် အကွာရှိ BGF ၁၀၀၃ တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပန်ဝါနှင့် ကမ်ပိုင်တီ ဒေသတွင် လက်ရှိချိန်ထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး တရုတ်နိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများကို ပန်ဝါ နယ်စပ်ဂိတ်၌ တရုတ်နိုင်ငံက ပေးမဝင်ဘဲ ပိတ်ဆို့ထားကြောင်း သိရှိရသည်။

"ချန်းယင်းခူး စခန်းကိုသိမ်းလိုက်တာ ပန်ဝါနဲ့ ၆ မိုင်လောက် ဝေးတယ်။ BGF ၁၀၀၃ တပ်ရင်းကိုမရသေးဘူး။ ကာကင်း ၂ ခုဘဲရသေးတယ်။ BGF ၁၀၀၃ တပ်ရင်က ရှိန်ကြိုင်ရွာနားမှာ ကမ်ပိုင်တီမြို့နဲ့ ၇ မိုင်ဝေးတယ်။ ဒီနေ့ ချန်းယင်းခူးစခန်း နဲ့ ဇုတ်လန် BGF ကာကင်း စခန်း ၂ ခုကိုသိမ်းလိုက်တာပါ။ BGF ၁၀၀၃ က မသိမ်းသေးဘူး။ တိုက်ပွဲဆက် လက်ပြင်းထန်နေတုန်းပဲ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

Читать полностью…

Khit Thit Media

ထားဝယ်မြို့နယ်တွင် အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ်အတွင်းတွင် ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊အောက်တိုဘာ ၁၇

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ပြည်သူများနှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများက သီတင်းကျွတ်လပြည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြု ဆုငွေ ချီးမြှင့်

ရန်ကုန်၊စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ ရဲစန်းမှ ရဲတပ်သား ၁ ဦး လက်နက်များ ယူဆောင်ပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း Salingyi Revolution Eagles (SRE) အဖွဲ့က ပြောဆိုသည်။

မေလ ၂၆ ရက်နေ့တွင် ည ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲတပ်သား မောင်ထူး ကောင်းဆက် (ခ) ထူးကြီးသည် G3 သေနတ် ၁ လက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ဘောက်၊ ဓား ၁ ချောင်းတို့ ယူဆောင်လာပြီး ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ တပ်ခွဲ ၄ Salingyi Revolution Eagles (SRE) အဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သော ရဲတပ်သား မောင်ထူးကောင်းဆက် (ခ) ထူးကြီးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး ရဲတပ်သား မောင်ထူးကောင်းဆက် (ခ) ထူးကြီး ၏ ဘဝရှေ့ရေး အဆင် ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေး နှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြ

ရန်ကုန်၊စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာဒို့ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာလူထုသပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်ခန့်ရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့် ယင်မာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီတို့ ပူးပေါင်းကာ စစ်အာဏာရှင်ရေးသပိတ်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်ခန့်ရေး စက်တင်ဘာလ ၂၈ ရက်နေ့တွင် ချီတက်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်ခန့်ရေး တောင်းဆိုဆန္ဒပြ

ရန်ကုန်၊စက်တင်ဘာ ၂၈

လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန် ရေးရာတိုက်ပွဲတွင် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံ ဆန္ဒပြသပိတ်လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။

ပြည်သူများက ‘’Our Ambassador Myanmar’s Voice” “ငါတို့သံ အမတ် ကြီး သည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်‘’ စာသားတို့ကို ကိုင်ဆောင်ပြီး မြန်မာပြည်သူများကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြုသပိတ်လှုပ်ရှားမှုကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲပြုလုပ်

ရန်ကုန်၊စက်တင်ဘာ ၂၈

ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူပူးပေါင်းကာ ပြည်သူ့သံအမတ် ကြီးဦးကျော်မိုးထွန်းနှင့် အတူရပ်တည်ကြောင်း လူထုထောက်ခံပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြောက်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်းဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပူးပေါင်း ဆောင်ရွက်နေသည့် ကြံ့ဖွတ်ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်ရုံးကို အဝေးထိန်းမိုင်း ၂ လုံး အသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ ထိခိုက်မှုရှိပြီး အခြေအနေ အသေးစိတ်ကို ထပ်မံ စုံစမ်းလျက်ရှိကြောင်း၊ အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

"သန်းခေါင်စာရင်းကောက်ဖို့ ကြိုးစားနေတဲ့ သူတွေကို အခုထက်ပိုပြီး တိုက်ခိုက်မယ်လို့ သတင်းစကားပါးချင်ပါတယ်" ဟု ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောက်စီ အလိုကျ သန်းခေါင်စာရင်းကောက်ရန် ကူညီပေးနေသော စစ်တပ်နှင့် အပေါင်းအပါများကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- အကြမ်းဖက် စစ်ကောင်စီရဲ့ အတု အယောင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို လုံးဝ လက်မခံဘူးလို့ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IEC က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

- ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ နခခ ၅ တပ်ရင်း အပါအဝင် ရခိုင်ပြည်နယ်မှာရှိတ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းအားလုံးကို တစ်ခုမကျန် သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်တွေကို အရှိန်အဟုန်မြှင့်တင်သွားမှာဖြစ်တယ်လို့ အာရက္ခတပ်တော် AA က တရားဝင်ထုတ်ပြန် အသိပေးလိုက်ပါတယ်။

- စစ်ကိုင်းတိုင်းက မုံရွာမြို့မှာ နေ့အချိန် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဓားပြတိုက်တဲ့သူတွေထဲမှာ အမျိုးသမီးတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

- မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မတရား သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အယောက်ပေါင်း ၅၀၀၀ နီးပါးအထိရှိနေပြီး အဲဒီအထဲမှာ အမျိုးသမီး နဲ့ ကလေးငယ် အယောက်၂၀၀၀ နီးပါး ပါဝင်နေတယ်လို့ NLD ပါတီက ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/watch?v=XdHd3XkLtKM

Читать полностью…
Subscribe to a channel