ရန်ကုန်မြိုပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၂၉
ရန်ကုန်မြိုပေါ်တွင် ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများက အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည့်ကြားက ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အနီရောင်ဖြင့် ရေးသားထားသော အာဏာရှင်ဆန့်ကျင်ရေးစာသားများကို YBS ကားများနှင့် လူနေရပ်ကွက်များတွင် လိုက်လံ ဖြန့်ဝေခဲ့သော ကလောင်နီလှုပ်ရှားမှုတွင် "မင်းအောင်လှိုင် အရူးပြည်သူ့အပြုံး၊ တရုတ်အားကိုး ပုဆိန်ရိုး မင်းအောင်လှိုင်တို့ အသေဆိုး၊ သပိတ်စုံသူပုန်ထ ၊ ငုံမခံနဲ့တုံပြန်ကြ" ဆိုသော အာဏာရှင်ဆန့်ကျင်ရေးစာသားများကို ရေးသားဖြန့်ဝေခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊အောက်တိုဘာ ၂၉
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါသည်။
လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၂၉
လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ တောင်းဆိုသည့် လှုပ်ရှားမှုကို အောက်တိုဘာလ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကို အဆုံးသတ်ရန် “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများနှင့် ချီတက်သပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၂၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၀ တန်းကျောင်းသူ ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူ ၁ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသ ပြည်သူများ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဖွားအို ၁ ဦးနှင့် အသက် ၁၅ နှစ်ဝန်းကျင် အရွယ် ၁၀ တန်းကျောင်းသူ ၁ ဦး တို့ပွဲချင်းပြီး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။
“၅ နာရီလောက်က ချတာက ရွာမြောက် ငါးမြှောင်တောင်ကုန်းနားမှာ ၂ လုံးချသွားတာက ထိခိုက်မှု မရှိပါဘူး။ နောက်တစ်စီးကနေ တောင်ကနေ ထိုးချကျဲသွားတဲ့ တစ်စီးက ထိခိုက်တာ။ ရွာပေါ်တန်း ကျ တာ၊ ဗုံးက ဘယ်လိုမှန်းမသိဘူး။ လေပေါ်တင်ကွဲတဲ့ဗုံးတွေ။ စုစုပေါင်း ၆ ယောက်သေတယ်၊ ချချ ခြင်း တစ်ခါတည်းဆုံး တာက ၂ ယောက်၊ အဲဒီ ၂ ယောက်က ၁၀ တန်းကျောင်းသူ တစ်ယောက်ရယ်၊ အသက် ၈၀ အရွယ်တစ်ယောက်ရယ်။ သူတို့ကိုတော့ အခုညပဲ သင်္ဂြုလ် လိုက်ပြီ။၊ ကျန်တဲ့ သေဆုံး သူတွေကတော့ ၂၀ ကျော်၊ ၃၀ ကျော်အရွယ် လူငယ်တွေပဲ” ဟု CDSOM တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၄ လုံး၊ ဓာတ်မီးတိုင်များလည်း ကျိုးကျပျက်စီးခဲ့သည့် အပြင် နွား ၂ ကောင်၊ သိုး ၈ ကောာင်နှင့် ဝက်တစ်ကောင် လည်း တစ်ခါတည်းသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးရုံ တက်၍ ကုသမှု ခံယူနေရသူ ၆ ဦးမှာ စိုးရိမ်းစရာ မရှိတော့ကြောင်း သိရသည်။
" ပထမဆုံး လေယာဉ်က ငမျှောင်တောင်ရွာအနီး ဘုရာကြီးနားကို ဗုံး ၂ လုံးကျဲချတာ အဲဒီနေရာကတော့ ရွာနဲ့ ဝေး တော့ ပြည်သူထိခိုက်တာ တော့မရှိဘူး။ နောက်ထပ်တစ်စီးက တော့ ကျနော်တို့ ဇရပ်ကုန်းရွာအရှေ့ပိုင်း ဒေါ်သန်းနုအိမ်နဲ့ ဒေါ်ထူးအိမ်ပေါ်ကိုတည့်တည်ချတာ။ ချတဲဗုံးက ဘယ်လိုဗုံးမှန်းတော့မသိဘူး။ လေပေါ်တင်ပေါက်ကွဲပြီး အိမ် ၂ လုံး ပျက်စီးတယ်။ နောက်ပြီးအသက်၈၀ ကျော်အဖွားအိုတစ်ဦးနဲ့ အသက် ၁၅ နှစ် အရွယ်အမျိူသမီးတစ်ဦးကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၂၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် Worker Alliance group မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ် လက်အောက်ခံ မြန်မာသံရုံး၏ CI စာအုပ်အဟောင်းများ CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ ညှိနှိုင်းနေသည်ဟု ထုတ်ပြန်ထားသော်လည်း အမှန်တကယ် လုပ်ဆောင်ပေးမည်ဟု ကောက်ချက်ချ၍ မရသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။
ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် အလုပ်သမားများကို ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း စက်တင်ဘာလအတွင်းက စာထုတ်ထားသော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။
ထိုသို့ ထိုင်းအစိုးရ၏ တရားမဝင်အလုပ်သမားများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာသည့်အပေါ်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်သည့်အပေါ်တွင် အလုပ်သမားအရေး ဆောင်ရွက်ကြသူများက ယုံကြည်၍ မရကြောင်း ပြောဆိုသည်။
"ကျွန်တော့်အမြင် စစ်ကောင်စီဘက်က လုပ်ပေးမယ်ဆိုပြီး တိတိကျကျ ကောက်ချက်ချလို့ မရသေးဘူး။ အခုလက်ရှိ ဒီလိုလုပ်မယ်ဆိုပြီး စာထုတ်တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘာမှသေချာ ပြောလို့ မရသေးဘူး ။ ထိုင်းကလည်း အမျိုးမျိုး ပြောင်းနေတာ မြန်မာနဲ့ ထူးမခြားနားပဲဆိုတော့ တကယ် ဖြစ်လာမှပဲ သိရမယ်"ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် Worker Alliance group မှ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်း အစိုးရ အနေဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တရားမဝင်အလုပ်သမားများ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည့် ဆုံးဖြတ်ချက်အပြင် အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုမည်ဖြစ်၍ ၂ နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ထားသည်။
ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်သည့် အချိန် ကာလကို ယခင်က ရက် ၃၀ သတ်မှတ်ထားရာမှ ရက်ပေါင်း ၆၀ တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ သို့သော် ထိုင်းအစိုးရအနေနှင့် လက်ရှိအချိန်အထိ တရားမဝင်အလုပ်သမားများ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည့် နေရက်ကို ထပ်မံကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၄၀ ကျော်ကိုပါ ခေါ်ဆောင်သွား
ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၄၀ ကျော်ကိုပါ ခေါ်ဆောင်သွားခဲ့ကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်ခန့်တွင် စိုင်ပြင်လေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံ ပြည်သူ ၄၀ ကျော်ကိုပါ ခေါ်ဆောင်ပြီး ဘုတလင်မြို့ပေါ်ကို ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကလေးငယ်များ အပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြောက်ကျီရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် စီပါရွာနှင့် ဆယ်ဝရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကာ စုစုပေါင်း ပြည်သူ ၂၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယင်း စစ်ကြောင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ စစ်ကြောင်း ထိုး ထွက်လာသည့် နေ့မှစ၍ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ အရပ်သား ပြည်သူ ၄၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ကျောက်အိုးရွာ ၊ စီပါရွာ ၊ ကျွဲသေချောင်းရွာ၊ ဆယ်ဝရွာနှင့် စိုင်ပြင်လေးရွာရှိ ပြည်သူပိုင်နေအိမ် ၅၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကလည်း မွှေနှောက်ယူဆောင်လျက်ရှိကြောင်း သိရသည်။
"စစ်ခွေး စစ်ကြောင်းက မွန်းလွဲ ၃ နာရီ ကျော်ဝန်းကျင်မှာ သူတို့ တပ်စွဲထားတဲ့ စိုင်ပြင်လေးရွာကနေမှ ဒန်းတိုင်ရွာကို ဝင်ရောက် ပြီးတော့မှ ဒန်းတိုင်ကနေ ဘုတလင်မြို့ဘက်ကို ပြန်ဝင်သွားတယ်ပေါ့။ လွှတဲရွာကို ဖြတ်ပြီးတော့ ဘုတလင်မြို့ထဲကို ပြန်ဝင်သွားတာပေါ့။ ပြည်သူ ၄၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲပြည်သူတွေ အကုန်လုံးကို ပြန်လွှတ်တဲ့ သတင်းတွေလည်း မတွေ့ရသေးဘူး။ စိုင်ပြင်လေးရွာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့တော့ ရှိပါတယ်" ဟု စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲခဲ့သော စိုင်ပြင်ရွာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေါ၊ ရှမ်းကိုင်းရွာ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်၊ စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထား
ရန်ကုန်၊ အောက်တိုဘာ ၂၃
ပဲခူးတိုင်း၊ ဝေါမြို့နယ် ၊ ရှမ်းကိုင်းရွာ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်သွားပြီး စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထားကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်ရှိ အကြမ်းဖက် စစ်သား နှင့် ပျူစောထီးများ ရှိနေသော ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်သော ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက် စခန်းဦးစီး အရာရှိက စစ်ကောင်စီ တပ်သားများကို ချန်ခဲ့ပြီးထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အရာရှိ၏ လက်ကိုင်ဖုန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ပြီး ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပျူစောထီးများ၏ အမည်စာရင်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
"စပြီးတော့ တိုက်ပွဲဖြစ်နေတုန်း ၁၀ မိနစ်လောက်မှာ နောက်ဖေး ပေါက်ကနေ ထွက်ပြေးသွားတာ ကျနော်တို့ လှမ်းတော့ပစ်တယ်။ လွတ်သွားတာပေါ့။ အခြေအနေ မလှလို့ ထွက်ပြေးသွားတာ သူ့ဖုန်းကျန်ခဲ့တယ်။ သူ့ဖုန်းထဲမှာ သူ့ဓာတ်ပုံနဲ့ အချက်အလက်တွေပေါ့ အဲတာတွေရတယ်။ ကျနော်တို့ စခန်းဝင်သွားတဲ့ အချိန်မှာ ရဲဘော် ၁ ယောက်လောက်ပဲကျန်တယ်။ အဲတစ်ယောက်လည်းကျသွားတယ်။ ကျန်တဲ့ ပစ်ခတ်နေရင်းနဲ့ ကျကုန်တယ်တဲ့ ရဲဘော်တွေလည်း ကျကုန်ပြီပေါ့။ ပျူတွေရောပေါ့။ သူတို့ အလစ်အငိုက် ခံလိုက်ရတော့ ဝရုန်းသုန်းကား ပြေးတဲ့သူကပြေး ပြန်ပစ်တဲ့သူက ပြန်ပစ်ပေါ့။ သူလည်း ခဏလောက်တော့ ပြေးပုံရတယ်။ ပြီးတော့ပြေးတော့တာပဲ ဖုန်းကို သိမ်းဆည်းရမိတဲ့ အခါကျတော့ သူ့ဖုန်းထဲက မှတ်တမ်း ဓာတ်ပုံတွေ့တာလေ သူ့ရဲ့ တပ်အမည်တော့ မတွေ့ဘူး။ သေနတ်မှာတော့ အပတ လို့ရေးထားတယ်။ ကျနော်ထင်တာ ဝမ်းဘဲအင်းက ပြန်လည်ပြုပြင်ထိန်းသိမ်းရေးမှာ အုံနာကျိုးကမ်းတွေ ထားတဲ့ တပ်က ဖြစ်ဖို့များတယ်။ သူ့ဖုန်းထဲမှာ သူကျန်းမာရေး မကောင်းလို့ ခွဲစိတ်ထားတာတွေတွေ့တယ်။ ရွာတွေက ပျူစောထီး စာရင်းတွေတွေ့တယ်။ အရာရှိသင်တန်းမှာ ဓာတ်ပုံရိုက်ထားတာတွေ သူ့အမျိုးသမီးပုံတွေ တွေ့တယ် ဒီလောက်ပါပဲ" ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး ပစ္စတို ၁ လက် ၊ G-3 ၄ လက် နှင့် အူဂျီ ၁ လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် သံအမတ် ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်
ရန်ကုန်၊ အောက်တိုဘာ ၂၃
ယင်းမာပင်မြို့နယ်တွင် ယင်း မာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအ မတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ ‘’Our Ambassador Myanmar’s Voice”၊ “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်‘’ စာသားကိုင်ဆောင်ပြီး အောက်တိုဘာလ၂၃ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
ဝက်လက်တွင် ချစ်သူအမျိုးသမီးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးကို NUG တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်
ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာတွင် ချစ်သူအမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ် ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တော ကျေးရွာနေ ချစ်သူ သမီးရည်းစားချင်း စကားများရန်ဖြစ်ရာ PDF ရွှေဘိုခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၁ - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်း နိုင် (ခ) လင်းစေ သေနတ်ဖြင့် တချက်တည်းပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄) ဖြင့် အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာမှု ပေါ် ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် (ဆယ်နှစ်) ကျခံစေရန် နှင့် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် - ၈၁ အရ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အတည်ပြု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မ တော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော် တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက် ရှိ သလို တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများကိုလည်း မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံး လုပ်နည်းများ နှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ် ပြန် ထားသည်။
မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်အတွင်းကို စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေ၊ လေထီးမပွင့်၍ သေဆုံးသူများလည်းရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးရှိ၏ ကုန်သွယ်ရေးဇုန်အတွင်းကို အကြမ်းဖက် စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေပြီး လေထီးမပွင့်၍ သေဆုံးသူများလည်းရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ ယခုအချိန်အထိ အကြမ်းဖက် စစ်သားများ မြဝတီမြို့ အနီးရှိ၏ ကုန်သွယ်ရေးဇုန်အတွင်းကို လေထီးဖြင့် ၅ မိနစ်တစ်ခါ ခုန်ဆင်းနေပြီး လေထီးမပွင့်၍ အကြမ်းဖက်စစ်သားများ သေဆုံးမှုရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသပြည်သူများထံမှ သိရသည်။
"YH အမျိုးအစား လေယာဉ်ကနေ အကြမ်းဖက် ခွေးတွေ လေထီးနဲ့ ဆင်းတယ်။ မြဝတီ မြို့သူမြို့သားတွေ ထိတ်လန့်နေကြတယ်။ ခွေးတွေ တစ်ခါ ခုန်ရင် ၄ ကောင်ပါတယ်။ ကုန်သွယ်ရေး ဇုန်ဘက်လို့ ထင်ပါတယ်။ တစ်နေကုန် ဆိုတော့ ဘယ်လောက်ထိ လေထီး မပွင့်လည်း မသိဘူး ၆ ယောက် တော့ မျက်မြင် ။ လေထီးမပွင့်ဘူး။ ထိုင်ကြည့်နေတာ"ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်သားများသည် ၉ ကြိမ်မြောက်အထိ လေထီးခုန်ပြီး ဖြစ်ကြောင်း၊ ၅ မိနစ်တစ်ခါ လူချနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများ လေထီးနှင့် မခုန်ဆင်းမီက ဂျက်ဖိုက်တာ ၂ စီးဖြင့် မြဝတီ - အာရှလမ်းမကြီး ဒေါနတောင်ပေါ်ကို ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။
ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေထီးခုန် လေ့ကျင့်ရေးတစ်ခု
လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊အောက်တိုဘာ ၂၀
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို အောက်တိုဘာလ ၂၀ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
စစ်အာရှင်စနစ်နှင့်အတူ အာဏာရှင်ဆန်သမျှ အလုံးစုံချုပ်ငြိမ်းရေးအတွက် လူထုတိုက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းလှုံ့ဆော်သည့်အနေနှင့် "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ" စာသားပါဘန်နာကိုင်ဆောင်ပြီး ချီတက်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းမာပင်တွင် ဝမ်ပေါင်ကုမ္ပဏီသို့ ပစ္စည်းများ ပို့ဆောင်မည့် ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်၊ မုံရွာတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီသို့ ပစ္စည်းများ ပို့ဆောင်မည့် ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယမ်စီ ကုမ္ပဏီအတွက် Acid နှင့် Diluent တင်ဆောင်လာသော ကားအစီး ၄၀ ခန့်ပါဝင်သော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ နှင့် မြောက်ယမားတံတား အကြား ပုသိမ်-မုံရွာလမ်းပိုင်းတွင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း ယာဉ်တန်းကို ည ၁၀:၃၀ အချိန်တွင် တစ်ကြိမ် ၊ ည ၁၀ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားခေါင်းပိုင်းထိကာ မှန်များကွဲအက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ မိုင်းထိမှန်ခဲ့သော ယာဉ်တန်းလည်း မိနစ် ၃၀ ခန့် ရပ်နားပြီး ကားကို ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ မိုင်းကွင်း အမြောက်အများ ရှိသည်ကို သိရှိသောကြောင့် ရဲတပ်ရင်း ၂၈ မှ ထွက်လာခြင်းမရှိသောကြောင့် အသေအပျောက်မရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Regional Friend Fighters (RFF) ယင်းမာပင်မြို့နယ်၊တိုက်နယ် ၂ ပကဖ တပ်ဖွဲ့နှင့် Black Eagle LPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် စွမ်းရည်ထက်ဆီဆိုင်အနီးတွင် အထိုင်ချပြီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army - BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် စွမ်းရည်ထက်ဆီဆိုင်အနီး အထိုင်ချပြီး ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း Fixed Win Drone ၂ စီးပျက်စီး ဆုံးရှုံးခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်းအမှတ် ၂၄ Twenty-Four Droneအဖွဲ့မှ ဦးဆောင်ကာ တပ်ရင်းအမှတ် (၂၄) တပ်ခွဲ (၁) ၊ စကိုင်းခရိုင် တပ်ရင်အမှတ် (၅) - MRA ၊ မုံရွာခရိုင် (ပကဖ) ၊ Brave heart army (BHA) ဒရုန်းအဖွဲ့၊ NINJAဒရုန်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာကို စစ်ကောင်စီတပ် က အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘုတလင်နယ်ဆယ်၀ကျေးရွာကို မီးရှို့ဖျက်စီးပြီး ထွက်သွားတဲ့ စစ်ကောင်စီတပ်ဟာ စိုင်ပြင်လေးကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
"မီးကများတယ် ညနေလောက်ကစရှို့တာ ည ၁၁ နာရီလောက်အထိ မီးအရှိန်မြင်နေရသေးတယ်၊ ဘယ်လောက်ပါသွားလဲတော့ မသိရသေးဘူး၊သူတို့(စကစ)က ရွာထဲရှိနေကြတုန်း"လို့ ဘုတလင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ဘုတလင်မြို့နယ် မြောက်ခြမ်းနဲ့ အနောက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်ပြီး ပြည်သူ ၂၀ ဦးထက်မနည်းကို သတ်ဖြတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စီပါ၊ကျွဲသေချောင်း၊ဆယ်၀ရွာဟောင်း၊ဆယ်၀ရွာသစ်၊အိုင်ပေါင်းချောင်စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၊အဆောက် အဦပေါင်း ၄၀၀ ၀န်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
ဓာတ်ပုံ-ဘုတလင်နယ် စီပါကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးထားစဉ်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
ကလေးမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို စစ်တပ်က ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး
ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မော်လိုက်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန် လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းထက်ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကိုဇော်မင်းထက်သည် ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချခံခဲ့ရပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာစဥ် စစ်တပ်၏ ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
"ဒကစမှူး အောင်နိုင်ဦးက အကျဉ်းထောင်က လွတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို စစ်တပ်ဝန်းထဲမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ပြီး ငွေငါးသိန်းကနေ သိန်းနှစ်ဆယ်အထိ ငွေညှစ်လေ့ရှိပြီး ပေးနိုင်တဲ့သူမှ ပြန်လွတ်ပေးတာမျိုးလုပ်ဆောင်နေပါတယ်။ ကိုဇော်မင်းထက်ကိုတော့ သူတို့လိုချင်တဲ့ငွေပမာဏ မပေးနိုင်သည့်အတွက် မတရားပုဒ်မတွေ ကပ်ပြီး မြို့မ ရဲစခန်းမှာ လက်ရှိထိ ချုပ်နောင်ခံထားရဆဲဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် မော်လိုက်အကျဉ်းထောင်မှ လွတ်သည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကိို မိသားစုဝင်များထံ ချက်ခြင်းမပို့ဆောင်ဘဲ ကလေးမြို့မရဲစခန်းနှင့် ကလေးမြို့ရှိ ဒကစမှ အကြမ်းဖက်စစ်သားများပေါင်း၍ ငွေတောင်းခံလေ့ရှိပြီး မပေးနိုင်သူများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ပြန်လည်ဖမ်းဆီးပြီး မတရားပုဒ်မများကပ်၍ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။
ကိုဇော်မင်းထက်လွတ်သည့်နေ့တွင်လည်း အကျဉ်းထောင်မှတစ်ဆင့် မလွတ်ပေးခဲ့ဘဲ မြို့မရဲစခန်းကို ပို့ဆောင်၍ ချုပ်နှောင်ခဲ့ပြီးနောက် ကလေးမြို့ ဒကစ သို့ ပို့ဆောင်၍ တစ်ပတ်ခန့် ဥပဒေမဲ့ချုပ်နှောင်ခဲ့ကာ ကိုဇော်မင်းထက်ကို ထပ်တိုးပုဒ်မများဖြစ်သည့် မတရားပုဒ်မ ၅၂္-က နှင့် ပုဒ်မ ၅၀-ည တို့ဖြင့် ထပ်မံတရားစွဲဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အပြစ်မရှိဘဲ ပြန်လည် ဖမ်းဆီးခြင်းမှာ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည့်အပြင် ငွေကြေးမရ၍ ထပ်မံချုပ်နှောင်ခြင်းမှာ လူသားတစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်များကိုပင် အကြောက်တရားများဖြင့် ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံနေရခြင်းပင် ဖြစ်ပြီး ဖမ်းဆီးခံရသူ ကိုဇော်မင်းထက်အား အမြန်ဆုံး မိသားစုထံ ပို့ဆောင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တောင်းဆိုထားသည်။
"နောက်အမှုကပ်တယ်ဆိုရင်တောင် သူတို့ စတင်ဖမ်းဆီးတဲ့အချိန်မှာ ကပ်လို့ရတယ် တရားစွဲပြီးမှ ထောင်ချလို့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ ၅၀၅ နဲ့ လွတ်ရက်စေ့ပြီးကာမှ ထောင်ထဲက လွတ်မောက်လာတဲ့လူကို အခုလိုမျိုး အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ နှစ်ရှည်ချလို့ရတဲ့ ပုဒ်မတွေ ကပ်ပြီး ဖမ်းဆီးလိုက်တာဟာ နောက်လွန်လာမယ့် နိုင်ကျဉ်းတွေ ငွေကြေးမပေးနိုင်ရင် အလားတူပုံစံနဲ့ ဖြစ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး သူတို့ ကိုဇော်မင်းထက်ကို စံပြအနေနဲ့ လုပ်ပြတယ်လို့ ယူဆပါတယ်။ လွတ်ရက်စေ့တဲ့ လူကို မိနစ်တောင်မှ မခြားဘဲ မိသားစုရင်ခွင်ဆီကို အပြည့်အဝပြန်လည်ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒါကို အကျဉ်းထောင်လက်စွဲဥပဒေမှာလည်း တရား ဝင်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကာဘိုးရွာ စာသင်ကျောင်း၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး G-3 သေနတ် ၁ လက်၊ ကာဘိုသေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရရှိရသည်။
"ကာဘိုးရွာ စာသင်ကျောင်းထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်တာပေါ့။ ဝင်ပစ်ပြီးတော့ လက်နက်တွေ သိမ်းဆည်းပြီး ပြန်လည် ဆုတ်ခွာခဲ့တာလို့ သိရတယ်။ G-3 ၁ လက်၊ ကာဘို ၁ လက်နဲ့ MA-1 ၁ လက် သိမ်းဆည်းရရှိခဲ့တယ်။ ဝင်ရောက်ပစ်ခတ်တာက နံနက် ၁၀ နာရီ ၃၀ မိနစ်လောက်က ဝင်ရောက် တိုက်ခိုက်တာ ၁၁ နာရီ ၃၀ မိနစ်လောက်မှာ အပြီးသတ် ဆုတ်ခွာနိုင်တယ်။ စစ်ခွေးတွေက ရွာထဲမရှိဘူး။ ဘေးရွာတွေကို စစ်ကြောင်းရောက်နေတဲ့အချိန် ဝင်ပစ်တာ" ဟု ကန့်ဘလူမြို့နယ် လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း(၄) နှင့် ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊အောက်တိုဘာ ၂၉
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စားထမင်းတစ်နပ် သွားရောက် လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်ကြီး တစ်ဦး အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် 6 kg ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံးသည် ရဲစခန်း လက်နက်တိုက်နှင့် အချုပ်ဆောင်တို့ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ စခန်းတွင် တာဝန်ကျနေသော အကြမ်းဖက် စစ်တပ် မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ဒုရဲအုပ်တစ်ဦးနှင့် အခြားအဆင့် ရဲ ၂ ဦးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နှစ်လုံးက လက်နက်တိုက်နဲ့ အချုပ်ဆောင်ကို သေချာထိမှန်ပြီး အဆောင်ပွင့်သွားတယ်၊ လူထိခိုက် မှုကတော့ ရဲစခန်းမှာ လာနေတဲ့ ၃ ပွင့်အဆင့် ဗိုလ်ကြီးနဲ့ တောင်သာဘက်ကနေ ရုံးစည်ကြီးစခန်းကို တွဲဖက်အဖြစ် တာဝန်ယူထားတဲ့ ဒုရဲအုပ်တစ်ယောက် အပြင်းအထန် ဒဏ်ရာရတယ်။ ဗုံးကျလို့ အ ကြား အာရုံမရတော့ဘူးလို့ သိရတယ်။ နောက်ထပ် ရဲနှစ်ယောက်လည်း မျက်နှာတွေမှာ ထိခိုက် ဒဏ်ရာရတယ်။ စခန်းမှာ ဗုံးကျဲတဲ့အချိန် လေယာဉ်လာတာမရှိပါဘူး” ဟု Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ရုံးစည်ကြီးရဲစခန်းမှ အကြမ်းဖက် စစ်သားနှင့် ရဲများသည် ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းနေရာများကို သတင်းပေးပြီး လေကြောင်းဖြင့် တိုက်ခိုက်ခိုင်း ခြင်းများ လုပ်ဆောင်နေမှုကြောင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဆက်လက် ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike- MDDS တပ်ဖွဲ့နှင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၃
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်ခြင်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ် အနိုင်ကျင့်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
"အဲရုံးတွေမှာ ပြည်သူတွေကို ဖိနှိပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေစဉ် ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ ထိထိရောက်ရောက် ပစ်သွင်း တိုက်ခိုက်နိုင်ခဲ့တယ်။ အုပ်ကြီးနဲ့ နောက်လိုက် နောက်ပါတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်ပါတယ်။ ပြည်သူတွေကို မျိုးစုံ ဖိနှိပ်အနိုင်ကျင့်နေတဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက်တွေကို ထိထိရောက်ရောက် ထပ်မံတိုက်ခိုက်သွားမယ်" ဟု Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာကို ထမင်းနှစ်နပ်လှူဒါန်း
ရန်ကုန်၊အောက်တိုဘာ ၂၃
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းနှစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ အောက်တိုဘာ ၂၃
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်ရှိ စစ်တပ်၏ မဖဲဝါဂိတ်ကို မိုင်းဆွဲတိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး သေဆုံး၊ မြင်းခြံမြို့နယ်ရှိ သံမဏိစက်ရုံဝင်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၃
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မဖဲဝါဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပွင့်ဖြူမြို့နယ် ရှောက်တောလမ်းပိုင်း နှင့် ထန်းတောရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ မဖဲဝါဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ဂိတ်စခန်းတွင် အကြမ်းဖက် စစ်သား၊ ရဲ နှင့် ပျူစောထီးများ နေထိုင်ပြီး ဒေသပြည်သူများနှင့် ခရီးသွား ပြည်သူများကို မတရားသဖြင့် ဆက်ကြေးတောင်းခံခြင်း၊ ငွေညှစ်ခြင်း၊ စစ်ဆေးခြင်း များ ပြုလုပ်သော ဂိတ်ဖြစ်ကြောင်း၊ ပြည်သူများ အခက်အခဲများစွာ ရှိနေခြင်းကြောင့် တိုင်ကြားလာခြင်းကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း-၄ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ အကြမ်းဖက် စစ်တပ်ဂိတ်များအနီးတွင် နေခြင်း ၊အကြမ်းဖက်စစ်သားများနှင့် နီးနီးကပ်ကပ်နေခြင်း၊ အကြမ်းဖက်စစ်တပ်၏ထောက်တိုင်အဖြစ် ဆောင်ရွက်ခြင်းများ လုံးဝ မပြုလုပ်ကြရန်နှင့် ဝေးဝေးရှောင်ကျဥ် နေထိုင်ပေးကြရန် မေတ္တာရပ်ခံကြောင်း မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သံမဏိစက်ရုံဝင်းအတွင်း တပ်စွဲနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force - NRDF • မြင်းခြံခရိုင် အမှတ် - ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ သံမဏိစက်ရုံဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မြင်းခြံခရိုင် အမှတ်၈ တပ်ရင်း - NRDF ၏ Drone တပ်ဖွဲ့က ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့နှင့် မိတ္ထီလာခရိုင် တပ်ရင်း ၃ မြင်းခြံမြို့နယ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကြို့ပင်ကောက်နှင့် အုတ်ဖို နယ်စပ်ရှိ ကန့်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားခဲ့
ရန်ကုန်၊ အောက်တိုဘာ ၂၃
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကန့်နီရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကန့်နီ ရွာမှ ဆုတ်ခွာခါသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ဂမုန်းဆည် ရှင်းလင်းဆောင် တစ်ဝိုက်တွင် နင်းမိုင်း အမြောက်အများထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်တွင် ကန့်နီ ကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် ထပ်မံ စုဖွဲ့ ဝင်ရောက်လာပြီး ကန့်နီကျေးရွာ ဘော်ဘင်တိုက်ရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
" ဒီနေ့ နံနက် အစောပိုင်းမှာ ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ် အစပ်က ကန့်နီရွာကို ဆုတ်ခွာသွားတဲ့ စစ်ခွေး ၃၀ ခန့်က ဂမုန်းဆည် ရှင်းလင်းဆောင် တစ်ဝိုက်မှာ နင်းမိုင်းတွေ အမြောက်အများ ထောင်ပြီး ညနေ ၃ နာရီ ၆ မိနစ်မှာ ကန့်နီ ကျေးရွာကို အင်အားထပ်ဖြည့်ပြီး ၆၀ လောက်နဲ့ ထပ်ဝင်လာတယ်။ ပြီးတော့ ကန့်နီကျေးရွာ ဘော်ဘင်တိုက် ဆိုတဲ့ နေရာမှာ ရှိတဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ အခုထိမီးရှို့နေဆဲပဲ" ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံဘက်ကို အီလက်ထရောနစ် ပစ္စည်းတွေ ၊ လူသုံးကုန် နဲ့ အိမ်သုံးကုန်တွေ ၊ စက်ကိရိယာ နဲ့ စက်ယန္တရားတွေကို နယ်စပ်ဂိတ်ပေါက်တွေကနေ တင်ပို့မှုအားလုံး တရုတ်အာဏာပိုင်တွေက အကြောင်းပြချက်မရှိ ပိတ်ပင်ထားတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အင်အားကြီးနိုင်ငံတွေ အကြားမှာ မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်ခွင့် မရှိတဲ့ နိုင်ငံဖြစ်အောင် သွေးခွဲနေတယ်ဆိုပြီး အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်း ကပါ ပြောသွားပြန်ပါတယ်။
- တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ကျောက္ကာကျေးရွာဘက်နေက မြိတ်မြို့ကိုသွားတဲ့ ခရီးသည်တင် စက်လှေနစ်မြုပ်မှုကနေ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိထားပြီး အသက်ရှင်သူ အယောက် ၇၀ ကို ပြန်လည်တွေ့ရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=b5RGAzDxwH4
လားရှိုးမြို့၊ ရဲစခန်းနှင့် အကျဉ်းထောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချ၊ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ပြီး တောက် လျှောက် စစ်လေယာဉ်များ ပျံဝဲနေ
ရန်ကုန်၊ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရဲစခန်းနှင့် အကျဉ်းထောင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ယနေ့ ညနေပိုင်း ဗုံးများ ကျဲချကြောင်း လားရှိုးအခြေစိုက် သတင်းရင်းမြစ်များက ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁ မိနစ်အချိန် လားရှိုးရဲစခန်းနှင့် အကျဉ်းထောင်ကို စစ်တပ်လေယာဉ်များက ဗုံးများကျဲချကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိ ခိုက် မှုများရှိနိုင်ပြီး အတိအကျ မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။
"အတိအကျတော့ မသိရသေးဘူး။ သိရရင်ပြန်ပြောပေးပါ့မယ်" ဟု လားရှိုးအခြေစိုက် သတင်းရင်းမြစ်က ဆိုသည်။
ယနေ့တွင် စစ်ကောင်စီ၏ စစ်လေယာဉ်များက လားရှိုးမြို့ကို ၃ ကြိမ်တိုင် ဗုံးကျဲခဲ့ပြီး ပထမအကြိမ်အဖြစ် ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ရိုးရာဆန်အရက်ချက်စက်ရုံကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ရပ်ကွက် ၁၂ အတွင်းသို့လည်းကောင်း၊ တတိယအကြိမ်အဖြစ် ရဲစခန်းနှင့်အကျဉ်းထောင်ကိုလည်းကောင်း ဗုံးများကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့ ကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော် အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - MNDAA က ဇူလိုင်လအတွင်း သိမ်းပိုက်ခဲ့သော လားရှိုးမြို့မရဲစခန်း။
ယင်းမာပင်မြို့နယ်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်
ရန်ကုန်၊အောက်တိုဘာ ၂၀
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ ‘’Our Ambassador Myanmar’s Voice” “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်‘’ စာသားကိုင်ဆောင်ပြီး အောက်တိုဘာလ ၂၀ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲမှု နယ်ထိန်းရဲ အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၀
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံး ၂ ကြိမ် ပေါက်ကွဲပြီး နယ်ထိန်းရဲအရာရှိ ၁ ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပွင့်ဖြူမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ ရောက်လာကြောင်း သိရသည်။
ထိုသို့ ရဲစခန်းမှူးနှင့် နယ်ထိန်းရဲများ ရောက်ရှိလာချိန် မွန်းလွဲ ၁ နာရီ ၉ မိနစ်တွင် ထပ်မံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စခန်းမှူးနှင့် နယ်ထိန်း ရဲများအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပွင့်ဖြူမြို့အရှေ့ပိုင်း အုပ်ကြီးသာဒွေးအောင် နေအိမ် ဗုံး ၂ ကြိမ်ပေါက်တာ ပထမအကြိမ်ဗုံးပေါက်ပြီး တော့ စခန်းမှူး နဲ့ နယ်ထိန်းထွန်းနိုင်ဝင်း၊ အုပ်ကြီးရောက်လာတဲ့အချိန် နောက်တစ်ကြိမ်ထပ်ပေါက်တယ်။ စခန်းမှူးနယ်ထိန်းရယ် အုပ်ကြီးသား အငယ်ကောင်လေးရယ် ထောက်ခံစာလုပ်တဲ့သူတစ်ယောက် အပါအဝင် စုစုပေါင်း ၄ ယောက် ဒဏ်ရာ အပြင်းအထန်ရတယ်။ အုပ်ကြီးသာဒွေးအောင်နဲ့ သူ့မိန်းမက တော့လွတ်သွားပါတယ်” ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး သာဒွေးအောင်သည် စစ်မှုထမ်းဥပဒေကို တက်ကြွ စွာအကောင်အထည်ဖော်နေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်းရှိ လူငယ်၊ လူရွယ်များကို စစ်တပ်အတွင်း မရားထည့်သွင်းစေခိုင်းနေသူဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်သားနှင့် ရဲများ ကင်းပတ် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်တပ်၏ ကာကင်းစခန်း ၃ ခုမှ စစ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်း
ရန်ကုန်၊ အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် ကာကင်းစခန်း ၃ ခုမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းလိုက်ခဲ့ကြောင်း Cobra Column 2 Venom စစ်ကြောင်းထံမှ သိရသည်။
မြဝတီ - ဝေါ်လေလမ်းမပေါ်၊ ဘလယ်ဒိုကျေးရွာအနီးတဝိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စခန်းများကို စွန့်ခွာပြီး သေဘော့ဘိုးပင်မစခန်းသို့ သွားရောက် ပူးပေါင်းသဖြင့် ယနေ့အောက်တိုဘာ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ကာကင်းစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ကာ နေရာယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“သေဘော့ဘိုးမှာရှိတဲ့ သူတို့ကုန်းမကြီးကို သွားပေါင်းကြမယ်ထင်တယ်။ ဒီနေ့ပဲ ဝင်ရှင်းလင်းလိုက် တာပါ။ စခန်းမှာ ကျန်ခဲ့တဲ့ပစ္စည်း သိမ်းဆည်းရရှိတာမျိုးတော့ မကြားမိဘူး။ လက်ရှိတော့ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာဝင်ယူလိုက်ပြီ။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
ရန်ကုန်၊ အောက်တိုဘာ ၂၀
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော ဆုပ်လေ ဦးလမ်းဆုံအနီးရှိ ကင်းစခန်း၊ သစ်ခေါက်တောင်ရွာတွင် တပ်စွဲထားသော ကင်းစခန်းနှင့် လင်းဇင်းရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း ၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ၊ စလင်း (ပကဖ) ၊ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးအဖွဲ့ ၊ ဒေါင်းညီနောင် ပျောက်ကြားအဖွဲ့တို့မှ တာဝေးပစ် လက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်သားတွေဟာ လစ်ရင်လစ်သလို တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ စီစဉ်နေတယ်။”
ဇင်ယော် ( PDF အမှတ် (၉၀၁) တပ်ရင်းမှ တပ်ရင်းမှူး)
By ရန်ကုန်ခေတ်သစ်
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း အမှတ် (၉၀၁) တပ်ရင်းတာဝန်ယူထားရတဲ့ စစ်ဒေသဟာ ရန်သူ့ဌာနချုပ်နဲ့ အနီးဆုံးနေရာမှာရှိနေပြီး အဲဒီဒေသရဲ့ စစ်ရေးအခြေအနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေတွေကို တပ်ရင်းမှူးဇင်ယော်နဲ့ မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။
https://youtu.be/jX7EICQw0kI?si=WvGT_4zN4k8cQX7k