ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးခေါင်းဆောင် အောင်သာခိုင် ဦးဆောင်သော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး မင်္ဂလာပွဲကို ဖျက် ဆီးခဲ့ကြောင်း၊ ထို့ပြင် မင်္ဂလာဆောင်ပွဲအတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသည့် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“နှမစားရစ်ရွာက ဇီးဖြူကုန်းပျူစခန်းနဲ့ဆိုရင် ၁ မိုင်ကျောက်ပဲဝေးတယ်။ နှမစာရစ်ရွာသား အောင်သာ ခိုင်က ဇီးဖြူကုန်းစခန်းမှာနေပြီး ပျူခေါင်းဆောင်လုပ်နေတာ နှမစားရစ်ရွာကို မကြာခဏလာတယ်။ အဲဒါမင်္ဂလာဆောင်ပွဲကျင်းပနေတုန်း စစ်ခွေးတွေေ ပျူခွေးတွေခေါ်ပြီးဝင်လာတာ မင်္ဂလာဆောင်ပွဲအတွက် ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကိုလည်း ယူသွားတယ်။ ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၀ ဦးကို လည်းဖမ်းသွားတယ်။ နေအိမ်တွေလည်း မီးရှို့သွားတာ ၁၀ လုံးကျော်ရှိတယ်” ဟု ဒေသနေပြည် သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇီးဖြူကုန်းပျူစောထီးစခန်း၌ နေထိုင်သူ နှမစားရစ်ရွာသား ပျူစောထီးခေါင်းဆောင် အောင်သာ ခိုင် သည် ကျေးရွာနေပြည်သူများအပေါ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းလုပ်ဆောင်နေပြီး ယခု ဖမ်းဆီး သွားသော ပြည်သူ ၁၀ ဦးကိုလည်း ရိုက်နှက် နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ နှမစားရစ်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ်က အကြမ်းဖက်စစ်သားများ မီးရှို့မှု ကြောင့် ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကာ ယခုနှစ်တွင် ပြည်သူအချို့မှ ကျေးရွာအတွင်း ပြန် လည်ဝင်ရောက်နေထိုင်ကြခြင်ဖြစ်ကြောင်း သိရသည်။
Photo – ၂၀၂၂ ခုနှစ်က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှမစားရစ်ကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့စဉ်
ကျောက်တန်း၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများ အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်၍ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများ အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်ကာ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကျောက်တန်းမြို့နယ်၊ ညောင်၀ိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမင်းအောင်က ပြည်သူများကို အေးစေတီဘုန်းကြီး ကျောင်း တွင် အစည်းအဝေးခေါ်ယူကြောင်း၊ ယင်းအစည်းအဝေးသို့ ကျောက်တန်းမြို့နယ်၊ ဘဘွေးကုန်းကျေးရွာတွင် အထိုင်ချထားသော စစ်တပ် စစ်ကြောင်းမှူးလည်း တက်ရောက်ပြီး ပြည်သူများအားလုံး မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းလိုလျှင် ငွေကြေး ပေးရမည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရသည်။
"မြိုင်သာယာ ၃ ရပ်ကွက်မှာ ရှိတဲ့ ပြည်သူတွေအားလုံး တစ်အိမ် တစ်ယောက် အစည်းအဝေး တက်ခိုင်းတယ်။ အဓိက စစ်မှုထမ်းအတွက် တစ်အိမ်ထောင်ကို ၂ သောင်း တောင်းတာ မပေးလို့စစ်တပ် စစ်ကြောင်းမှူးဆိုသူကိုယ်တိုင် အစည်း အဝေးခေါ်တာ။ ဒီရပ်ကွက်ထဲမှာနေရင်အကုန်ပေးရမယ်။မပေးရင် မနေနဲ့။ အိမ် ဖျက်ယူပြီး အခြားနေရာသွားနေကြလို့ ခြိမ်းခြောက်တယ်။ စစ်မှုထမ်းအတွက် ငွေကောက်တာ။ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အထိ မိန်းမ၊ ယောင်္ကျား ငွေမပေးနိုင်ရင် စစ်မှုထမ်းဖို့ မဲဖောက်ရင် ကျတဲ့သွားရမယ်ဆိုပြီး ခြိမ်း ခြောက်တယ်" ဟု အစည်းအဝေး တက်ရောက်ခဲ့သော ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် စစ်မှုထမ်းအတွက် ငွေကောက်ခံမှုနှင့်ပတ်သက်၍ တိုင်ချင်သည့်နေရာ တိုင်လို့ရကြောင်း၊ သတင်းဌာနများက သတင်းဖော်ပြလျှင်လည်း ဂရုမစိုက်ကြောင်း၊ သို့ရာတွင် တိုင်သည့်သူနှင့် သတင်းဌာနများထံသို့ သတင်းပေးပို့သူကို မိလျှင် သက်သာလိမ့်မည်မဟုတ်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။
"ဒီလို ငွေတောင်းလို့ မကျေနပ်ရင် တိုင်ချင်တဲ့နေရာတိုင်လို့ရတယ်။ ကြိုက်တဲ့သတင်းဌာနကနေ သတင်းရေးလို့ရတယ်။ တွေရင်တော့မသက်သာဘူးလိုပြောသွားတယ်။ အုပ်ချုပ်ရေးမှူ စိုးမင်းအောင်ရော စစ်တပ်ကရော ခြိမ်းခြောက်တာ ပြည်သူတွေကို။ အလှူငွေ မထည့်သူတွေကို အိမ်ချိတ်ပိတ်မယ်။ ငွေမပေးချင်ရင် ရပ်ကွက်ထဲ မနေနဲ့ အိမ်ရွှေ့ပြီး အိမ်ဖျက်ပြီး ပြောင်းသွားလိုက်ဆိုတာကို ထပ်ခါ ထပ်ခါ ပြောပြီး ခြိမ်းခြောက်တာ" ဟု အစည်းအဝေး တက် ရောက်သူ ပြည်သူက ရှင်းပြသည်။
ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်း ဥပဒေအကြောင်းပြ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးကောက်ခံမှုများ၊ အာဏာအလွဲသုံးစားလုပ်၍ အကျင့်ပျက်ခြစား ငွေကြေး ခြိမ်းခြောက်တောင်းယူမှုများ၊ ငွေလိမ်လည်မှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က ယင်းအခြေအနေများကို တိုင်ကြားလာလျှင်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။
ဟိုပုံးမြို့နယ်တွင် စစ်တပ်လက်အောက်ခံ PNO နှင့် ပြည်သူ့စစ်များက ဘိန်းခင်းများစွာ စိုက်ပျိုးထား(ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းတွင် စစ်တပ်လက်အောက်ခံ ပအို့ဝ် PNO နှင့် ပြည်သူ့စစ်များက ဘိန်းခင်းများစွာ စိုက်ပျိုးထားကြောင်း ဒေသပြည်သူတချို့နှင့် ယင်းဘိန်းခင်းများကို သွားရောက် မှတ်တမ်းတင်ခဲ့သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှစတင်၍ ဟိုပုံးမြို့နယ်အတွင်းတွင် ဘိန်းစိုက်ပျိုးမှုမှာ မြင့်တက်လာပြီး ဘိန်းခင်းများမှာ ဟိုပုံးမြို့အထွက် ကားလမ်းဘေးဝဲယာတွင် မြောက်မြားစွာ မြင်တွေ့ရကြောင်း၊ အဆိုပါ ဘိန်းခင်းများသည် PNO နှင့် ပြည်သူ့စစ်များက ဒေသတောင်သူများကို ငွေကြေးပေး၍ စိုက်ပျိုးခိုင်းထားသည့် ဘိန်းခင်းများဖြစ်ကြောင်း သိရှိရသည်။
"ဘိန်းခင်းပိုင်ရှင်တွေကတော့ မအလ လက်အောက်ခံ PNO နဲ့ ပြည်သူ့စစ်တွေလို့ သိရတယ်။ ပင်လုံမြို့ကျောက်တန်းလမ်းက နေ၀င်ရင် မူးယစ်ဂိတ်ကျော်ပြီး စစ်တပ်ဂိတ် ကျော်တာနဲ့ ဘိန်းခင်းတွေဟာ ဟိုးပုံးမြို့နယ်အထွက်၀န်းကျင်ထိရှိပါတယ်။ မျက်စိတဆုံးပဲ ဘိန်းခင်းတွေက" ဟု ဘိန်းခင်းများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။
ဟိုပုံးမြို့နယ်မှ ဒေသတောင်သူများကလည်း လက်ရှိ ကာလတွင် ရွေးချယ်စရာမရှိဘဲ ဘိန်းစိုက်ပျိုးမှုမှသာ ငွေကြေးရရှိကြောင်း၊ အခြားသော စိုက်ပျိုးရေးလုပ်ငန်းများမှာလည်း ဖြစ်ထွန်းမှုမရှိဘဲ ဘိန်းစိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် လာရောက်၍ ဘိန်းများကို သယ်ယူကြောင်း၊ ဧကအလိုက် ငွေကြေးပေးသဖြင့် အခြားသီးနှံများထက် အလုပ်မရှုပ် တွက်ခြေကိုက်ကြောင်း၊ တောင်သူများအနေဖြင့် ရွေးချယ်စရာမရှိကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်သဖြင့် ပြည်တွင်းမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့တွင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ယမန်နှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ပြောဆိုခဲ့သည်။
ယခင်က အာဖဂန်နစ္စတန်သည် ကမ္ဘာတွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံက ဒုတိယနိုင်ငံအဖြစ် ရပ်တည်ခဲ့ ကြောင်း၊ ယခုအခါတွင်မူ မြန်မာက အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး ဘိန်းအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တာလီဘန်တို့က မူးယစ်ဆေးဝါး တားဆီးပိတ်ပင်မှုအပြီး အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ သို့ရာတွင် စစ်အာဏာသိမ်းလိုက်သော မြန်မာနိုင်ငံတွင်မူ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘိန်းအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ပထမ နိုင်ငံအဖြစ် ရောက်ရှိလာကြောင်း ၊ မြန်မာ ဘိန်းစိုက်တောင်သူများ ၇၅ ရာခိုင်နှုန်း ပိုမိုဝင်ငွေရရှိလာကြောင်း၊ ဘိန်းပန်း ပျှမ်းမျှတစ်ကီလို ဒေါ်လာ ၃၅၅ ဒေါ်လာခန့်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄၀၁၀၀ မှ ၄၇၀၀၀ ဟက်တာအထိရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု အခြေအနေသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားသည်။
လက်ရှိ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းပညာသစ်များကြောင့် တစ်ဟက်တာလျှင် ဘိန်းအထွက်နှုန်း ၁၆ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၉ ကီလိုဂရမ်အထိ တိုးလာသောကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ကြောင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း ဘိန်စိုက်ပျိုးမှု တိုးပွားလာကြောင်း၊ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ အရှိန်မြင့်လာသည့်နည်းတူ ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်မှုကို အရှိန်အဟုန် မြှင့်တင်လာကြောင်း UNODC က ထုတ်ပြန်ထားသည်။
Khit Thit သတင်းဌာန နိုဝင်ဘာ ၂၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။
https://www.youtube.com/watch?v=ZNT3ciWKXUc
တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်း၊ တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ၂ ခုက သတင်းထုတ်ပြန်သည်။
ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင် လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ခံ တာမွေ EPC ဝင်းထဲရှိ စစ်တပ်၏ လုံခြုံရေး နှစ်ထပ်ဘန်ကာကို Freeland Attack Force (FLA )နှင့် Anonymous Fighters Force ( AFF ) တို့က ဗုံးအသုံးပြု၍ ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တာမွေ EPC ရုံးသည် နယ်ခံ အများပြည်သူအပေါ် နည်းမျိုးစုံဖြင့်ဗိုလ်ကျ အနိုင်ကျင့်ပြုမှုနေကြောင်း ထုတ်ပြန်ထားသည်။
တာမွေမြို့နယ်မှ ပြည်သူများကမူ ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် တာမွေမြို့နယ် လျှပ်စစ်မီတာရုံးတွင် ပေါက်ကွဲသံများ ထွက် ပေါ်ခဲ့ပြီး ယနေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင်ပါ ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြောဆိုသည်။
"တာမွေမီတာရုံး ၆ခွဲလောက်ကအသံတော်တော်ကျယ်တစ်လုံးအုန်းတယ်။ စကစတွေလမ်းပိတ်ပြီး လာစစ်နေတဲ့ချိန် ည ၇ နာရီ ၅၀ မှာထပ်အုန်းတယ်။၂ ကြိမ်အုန်းတာ။ အသံတော်တော်ကျယ်တယ်" ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာ အဆောက်အအုံ။ (ပုံအဟောင်းဖြစ်ပါသည်။)
ရွှေရေကြည် သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချောင်းဦးနှင့် မုံရွာ နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chaung U People's Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ စီးပွားရေး တက္ကသိုလ် ကျောင်းဝင်းအတွင်းမှ သံပြားကာကား ၄ စီး၊ faw ကား ၁ စီး အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗောဓိတထောင် ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ က စစ်ကြောင်းကို Drone အသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
"စစ်ခွေး ၃ ကောင်သေပြီး ထိခိုက်မှုများတယ်။ အဲနေ့ကကိုပဲ သံပြာကာကား ၁ ဦးနဲ့ ခေါ်သွားသေးတယ်။ အဲတာက ကျွန်တော်တို့ မျက်မြင်မဟုတ်တဲ့ အတွင်း မျက်မြင်တွေ့ခဲ့တာကိုပဲ အတည်ပြုထုတ်ပြန်တာပေါ့။ နေအိမ် ၂ လုံးကို စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူ ၂၀ လောက်ဖမ်းဆီးခံရတယ်။ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ လက်နက်နဲ့ ဖမ်းမိတယ်ဆိုတဲ့ ၄ ဦးက ပြည်သူတွေပါ။ အဲ ၄ ဦးကို အခုထိ ပြန်မလွှတ်ဘူး။ ကျန်တဲ့သူတွေ ပြန်လွတ်တယ်လို့တော့ကြားတယ်။ အဲ ၄ ဦးကို စီးပွားရေး တက္ကသိုလ် ကျောင်းဝင်းထဲ ခေါ်သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့က စစ်ခွေးတွေ စစ်ကြောင်း ထိုးတဲ့ အခါမှာ ပြည်သူတွေကို ကြိုရှောင်ဖို့ သတင်းပေးတာတွေရှိတယ်။ အဲတာတွေကို ပြည်သူတွေအနေနဲ့ သတိထား လိုက်နာပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟု Chaung U People's Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့ဝင်များဟု လိမ်လည် သတင်းထုတ်ပြန်ထားသော ဘန်စီကျေးရွာမှ ကိုငြိမ်း ၊ ကိုဝေလင်းသူနှင့် မုံရွေးကျေးရွာမှ ကို၀င်းဇော်၊ မချောစု တို့ကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ စီးပွားရေး တက္ကသိုလ် ကျောင်းဝင်းအတွင်းကို ခေါ်ဆောင်သွားကာ ကျန်ရှိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို special force 11 အဖွဲ့က scout drone ဖြင့် ကင်းထောက်ကူညီပေးပြီး ဒိတ်ဒိတ်ကြဲ အဖွဲ့ နှင့် မုံရွာမြို့နယ်အတွင်း ပကဖ ရဲဘော်များက ချောင်းဦး မြို့နယ် ပကဖ ရဲဘော်များနှင့်အတူ ကာကင်းတာဝန်ယူပေးကာ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် မုံရွာ စီးပွားရေး တက္ကသိုလ်အတွင်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ရန်ကုန်၊နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
မင်းတပ်မြို့ကို စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် cluster bomb များအပါအဝင် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်၊ တောင်ပုလု ဘုန်းကြီးကျောင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ မီးလောင်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် cluster bomb များ အပါအဝင် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ပြီး တောင်ပုလု ဘုန်းကြီးကျောင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ မီးလောင်နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်လာလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုတာဖြင့် ၂၆ ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး cluster bomb များအပါအဝင် ဗုံးသီး ၆၀ ကျော်ကျဲခဲ့ကြောင်း၊ ထို့ပြင် Y-12 လေယာဉ်ဖြင့်လည်း ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"မင်းတပ်မြို့ကို cluster bomb ကျဲတာ ဟိုးအရင်တည်းကပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်ကကော ပြီးခဲ့ရက်တွေကော cluster bomb တောက်လျောက်ကျဲတာပါ။ မနေ့ကတည်းမှ မဟုတ်ပါဘူး။ မနေ့က ၂၂ ရက်ကတော့ မနက် ၂ နာရီခွဲ ဝန်းကျင်လောက်ကနေ စပြီးတော့မှ ညပိုင်းအထိကို ဖိုက်တာဂျက်က လာကျဲတာ စုစုပေါင်း ၂၆ ကြိမ်ရှိတယ်။ Y-12 က ၂ ကြိမ်လာတယ်။ Y-12 က တစ်ခါကျဲရင် ဗုံးသီး အလုံး ၈၀ ဝန်းကျင်လောက်ကျဲချတယ်။ Y-12 ကျဲတာက အကြိမ် ၁၀၀ ကျော်တယ်။ ဖိုက်တာနဲ့ ကျဲတာလည်း ဗုံးသီး အလုံး ၆၀ လောက်ရှိမယ်။ အဲလိုကျဲချတဲ့ အချိန်မှာ cluster bomb တွေ ပါပါတယ်။ cluster bomb တွေက ပြီးခဲ့တစ်ပတ်တွေတည်းက တခြားရက်နေတွေက တောက်လျောက်ကျဲပါတယ်။ မနေ့ကကျဲတဲ့ cluster bomb ကတော့ တခြားနေ့က ကျဲတဲ့ cluster bomb နဲ့မတူဘူးပေါ့" ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိသော နေရာများကို လေယာဉ်ဖြင့် ရိက္ခာများ ကျဲချ ပို့ဆောင်နေပြီး လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြေပြင် ထိတွေ့တိုက်ပွဲများကြောင့် တောင်ပုလုဘုန်းကြီးကျောင်းနှင့် ခလရ ၂၇၄ တပ်ရင်းတွင် မီးလောင်နေကြောင်း သိရသည်။
"တောင်ပုလုဘုန်းကြီးကျောင်းက ခလရ ၂၇၄ နဲ့ ကပ်နေတာကို သူတို့က ခြံစည်းရိုး တစ်ခုပဲ ခြားတာကို ဒီနေ့မနက်လည်း လေယာဉ်နဲ့ဝဲပြီးတော့ ရိက္ခာတွေ ချပေးတယ်ပေါ့လေ သူတို့ဘက်ရောက်တာ ကျွန်တော်တို့ဘက်ရတာတွေလည်း ရှိတာပေါ့။ အရင်တုန်းက ရိက္ခာတွေ ချပေးလိုက်ရင်လည်း အဲလိုပါပဲ ရိက္ခာပို့တဲ့ နေရာကို မကျဘဲ သူတို့ရတာ ကျွန်တော်တို့ရတာ ရှိတယ်။ မီးတောက်နေတာကတော့ တိုက်ပွဲကြောင့် မီးတောက်နေတာပါပဲ တောင်ပုလုကျောင်းထဲမှာကော ၂၇၄ ထဲမှာကော မီးလောင်နေတာတွေရှိတယ်။ လက်နက်ကြီးကျလို့ မီးလောင်သွားတာတချို့လဲရှိပါတယ်" ဟု ကိုယောမာန်က ဆက်လက် ပြောဆိုသည်။
လက်ရှိချိန်တွင် မင်းတပ်မြို့ပေါ်ရှိ နေအိမ်အများအပြားသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားပြီး ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Photo- CJ
ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် KIA,PDF, NUG ထောက်ခံပွဲပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ကချင်ပြည်နယ် ဖားကန့်မြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ဖားကန့်ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နှင့် KIA, PDF, NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ဆန္ဒပြပြည်သူများက “လူထုနဲ့စတဲ့ တော်လှန်ရေး လုထုဆန္ဒနဲ့အဆုံးသတ်”၊ “လာပါ ငါတို့အတူတူရုန်းမယ် ”၊ “ စစ် အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “ စစ်ခွေးတွေကို အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့်ကြွေးကြော်သံများဖြင့်ချီတတ် သပိတ်မှောက်ခဲ့ကြကာ နိုဝင်ဘာလ ၁၅ ရက်နေ့ကကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလော ကျေးရွာ KBC ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးသွားသော အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ကြကြောင်း သိရှိရသည်။
မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းနှင့် မန္တလေးတိုင်း၊ မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူထားကြောင်း တော်လှန် ရေး တပ်များက ထုတ်ပြန်ပြောဆိုထားသည်။
နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် တပ်တွင်း ဖရဲသီးသတင်းပေးများ ၏သတင်းပေးပိုချက်အရ ဟက်စကီး ကွင်း နှင့် တောင်ပိုင်းလေတပ်အရာရှိများ နေအိမ်သိုကျရောက်ခဲ့ပြီး အရာရှိ ၂ ဦးအပြင် အခြားအဆင့်ရှိသူများ စုစုပေါင်း ၅ ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက သတင်းများဖုံဖိနေပြီး ဟက်စကီးကွင်းကို ညတွင်းချင်းပြင်ဆင်မှုလုပ်ခိုင်းပြီး ထိခိုက်မှုရှိသူ အရာရှိများကို အိမ်စီးကားများဖြင့် သယ်ထုတ်သွားကြောင်း Urban Special Operation (USO)က ပြောဆိုသည်။
လက်ရှိတွင် မှော်ဘီလေတပ်စခန်းကို လုံခြုံရေးတိုးမြှင့်ထားခြင်း၊ အရပ်ဝတ်မာဖီများဖြင့် နေရာအနှံလိုက်လံစုံစမ်းမှုများ ပြုလုပ်နေခြင်း၊ ဧည့်စာရင်းစစ်မှုများ လုပ်ဆောင်နေသဖြင့် တော်လှန် ပြည်သူတိုနှင့် တော်လှန် ညီကိုရဲဘော်တို သတိထား လှုပ်ရှား သွားလာကြရန် USO က သတိပေးသည်။
"အခု မှော်ဘီလေတပ်နားက လယ်ကွင်းတွေထဲမှာပါ ကင်းတဲဆောက်ပြီး တပ်နဲ့ ပြည်သူ့စစ်တွေကို အရပ်ဝတ်နဲ့ လုံခြုံရေးယူခိုင်းပါတယ်။ မှော်ဘီလေတပ်ပတ်ပတ်လည်မှာ လုံခြုံရေးတွေ တော်တော်များများ ချထားပါတယ်။ လေတပ်ပတ်ပတ်လည်က ရွာတွေနဲ့ ရပ်ကွက်တွေကိုလည်း လေတပ်လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းပါတယ်။ ပတ်ကင်းနဲ့ လှည့်ကင်းတွေလည်း လှည့်ခိုင်းပါတယ်" ဟု မှော်ဘီမှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့အတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် ၁၁၁၁ ရွှေလင်းယုန် ဒရုန်းစစ်ဆင်ရေး ပစ်မှတ်အဖြစ် မိတ္ထီလာ ရှမ်းတဲလေတပ်စခန်း ၊ တပ်မ ၉၉ ဌာနချုပ်တို့ကို မိတ္ထီလာ ပကဖက ထိရောက်စွာတိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသောကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ပေါ့လျော့မှု ဖြင့် လေကြောင်းရန်ကာကွယ်ရေး အရာရှိ ၂ ဦး၊ အခြားအဆင့် ၃ ဦးတို့ကို တာ၀န်ပေါ့လျော့အမှုဖြင့် တိုက်ခိုက်ခံရသည့် ညနေတွင် အရေးယူဆောင်ရွက်ရန် ချက်ချင်း နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ကြောင်း မိတ္ထီလာ ပကဖက ထုတ်ပြန်ပြောဆိုသည်။
မိတ္ထီလာ ပကဖ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း မကြာသောကာလတွင် မိတ္ထီလာရှိစစ်ရေးပစ်မှတ်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တရား ဝင် သတင်းထုတ်ပြန်ထားသည်။
မိထ္တီလာပကဖမှ တာဝန်ခံ ဦးနောင်ချိုက မိထ္တီလာတွင် ထပ်မံ၍ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။
ဓာတ်ပုံ-နိုဝင်ဘာလ ၁၁ ရက်နေ့ မိထ္တီလာ ရှမ်းတဲလေတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များ၏ အသေခံဒရုန်းများ။
ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ၄၀ မမ လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃၀ မိနစ်ခန့်အကြာဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“၁၁ နာရီလောက်ကပါ၊ အဆောက်အဦထဲကို ၄၀ မမနဲ့ ပစ်ထည့်တာ၊ သူတို့ရှိတဲ့ အဆောက်အအုံထဲ ကို ကျပြီး စခ ၂ ဦသေတယ်၊ အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်၊ ဘယ်လောက် ဒဏ် ရာရတယ်ဆိုတာ မသိရဘူး၊ ပြည်သူတွေအနေနဲ့ စခတွေရှိတဲ့နေရာ အနီးတဝိုက်မှာ မနေကြဖို့ ပြော ချင်ပါတယ်” ဟု Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို PAKOKKU PEOPLE DEFENSE FORCE (PPDF) ၊ YOUNG FORCE (UG) နှင့် BURMA REVOLUTION RANGERS တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော Inle Princess Resort ဟိုတယ် မီးလောင်ပြီး အပျက်အစီးများပြားကြောင်း သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် တန်ဆောင်တိုင်လပြည့်ညတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ Inle Princess Resort ဟိုတယ်တွင် မီးများလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်တစ်ခုလုံး နီးပါး မီးလောင်ပြာကျသွားကြောင်း၊ ဟိုတယ် မီးလောင်မှုမှာ ကနဦး ပြောဆိုချက်များအရ မီးပုံးပျံပျက်ကျသည်ဟု သတင်း ထွက်ပေါ်သော်လည်း အတိအကျ မသိရှိရသေးကြောင်း၊ NLD အစိုးရလက်ထက် ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဖြစ်သူ ဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော ဟိုတယ်ဖြစ်၍ မီးလောင်မှုမှာ သံသယဖြစ်ဖွယ် အခြေအနေများရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာန၏ သတင်းထုတ်ပြန်ချက်အရ ဟိုတယ်မီးလောင်မှုသည် ၃ နာရီပါး ကြာမြင့်ခဲ့ကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်မှ ည ၁၀ နာရီ ၁၅ မိနစ်အချိန် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
ဟိုတယ်ပိုင်ရှင် ဦးအုန်းမောင်သည် ၁၉၈၈ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ညောင်ရွှေမြို့နယ်NLD ဥက္ကဋ္ဌ ဖြစ်လာကြောင်း၊ ထို့နောက် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ် လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် စစ်ခုံရုံးက ထောင် ဒဏ် ၁၀နှစ် ချမှတ်ခဲ့ကြောင်း၊ ၁၉၉၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ ပါတီအောင်နိုင်ရေးအတွက် ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။
ဦးအုန်းမောင်သည် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် NLD အစိုးရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူချိန် ခေတ္တထိန်း သိမ်းခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင် စစ်ကောင်စီက ၎င်းကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြန်မလာပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်မည်၊ ပြည်တွင်းပြန်ရောက်လျှင် စစ်မှု ထမ်း ဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည့်အပြင် ပြည်ပထွက်ခွာခွင့် ရာသက်ပန် ပိတ်ပင်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ပြည်ပနိုင်ငံများတွင်ရောက်ရှိ နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြည်တွင်းသို့ ပြန်မလာဘဲ စစ်မှု ထမ်းရန် ရှောင်တိမ်းပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုဘဲ ပြည် တွင်း ပြန်ရောက်လျှင်လည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်နေသော မြန်မာနိုင်ငံသားများ၏ စာရင်းကို ပြုစုလျက်ရှိကြောင်း၊ ယင်းစာရင်းကို စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြုစုနေခြင်းဖြစ်ပြီး ယင်းပြည်ပရောက် မြန်မာများစာရင်းတွင် အလုပ်သမားများ၊ ကျောင်းသားများ၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပရောက်ရှိနေသူများ အားလုံး အကျုံးဝင်ကြောင်း သိရှိရသည်။
ပြည်ပရောက် မြန်မာများကို စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် သက်ဆိုင်ရာနိုင်ငံများမှ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးများက စာရင်းနှင့်တကွ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဆင့်ခေါ်ချိန်တွင် မလာရောက်သော ပြည်ပရောက် မြန်မာများကို သံရုံးများက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် စစ်မှုထမ်းရန် တိမ်းရှောင်သော ပြည်ပရောက် မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါကလည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ်အရေးယူမည်ဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ပြီးနောက်လည်း ပြည်ပထွက် ခွင့် ရာသက်ပန် ပိတ်ပင်မည်ဖြစ်ကြောင်း သိရှိရသည်။
"ပြည်ပရောက်ပြီးတော့ အခွန်မဆောင်တာ၊ ပြည်တွင်းကို ဘဏ်လမ်းကြောင်းကနေ တစ်ဆင့် ငွေပြန်မလွှဲတာ၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် မလာတာတွေကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်ပြီး အရေးယူဖို့ ညွှန်ကြားထားတယ်။ စစ်မှုထမ်းဥပဒေအရကတော့ စစ်မှုထမ်းဖို့ ရှောင်တိမ်းရင်တော့ ပြည်တွင်း ပြန်ရောက်တဲ့အခါမှာ ပြည်သူ့စစ်မှုထမ်းဥပဒေမှာပါတဲ့ ပြစ်မှု ပြစ်ဒဏ်တွေအရ ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆို ထောင်ဒဏ်ချမှတ်မယ့်အပြင် ရာသက်ပန် ပြည်ပထွက်ခွာခွင့်လည်း ပိတ်ပင်ခံရမယ်။ Black List ဖြစ်မယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနက်မှ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော အရေအတွက် သန်းနှင့်ချီရှိနိုင်ပြီး စာရင်းအတိအကျ ရရှိစေရန် ပြုစုလျက်ရှိကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားများဖြစ်နေသမျှ ကာလပတ်လုံး ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် တာဝန်ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီက မကြာမီ ထုတ်ပြန်ကြေညာရှိနေသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင်လည်း ပြည်ပ ရောက် မြန်မာများ စစ်မှုထမ်းဆင့်ခေါ်ရန် ပြဋ္ဌာန်းချက်တချို့ ပါဝင်နေပြီး လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း ဆက်လက် ထုတ်ပြန်ရန် ရှိနေကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်း ကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံ သားကိုလည်းကောင်း ဆိုလိုကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေကြသည့် မြန်မာလူငယ်များကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါင်းလူးရွာအနီးတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ကို Dragon Brothers (GBK-PDF) အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ထွန်းမင်းစိုးသည် ပျူစောထီးသင်တန်း အပတ်စဉ် ၁ တွင် တက်ရောက်ထားသူ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ရာတွင်လည်း အဓိက လုပ်ဆောင်နေသူ ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ထွန်းမင်းစိုးသည် သူတောင်းစားပုံစံ၊ အမှိုက်ကောက်သမားပုံသဏ္ဍာန် အသွင်ယူပြီး လိုက်လံ သတင်းထောက်လှန်းကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို ပြန်လည် သတင်းပေးပို့နေသူလည်း ဖြစ်ကြောင်း သိရသည်။
"သိမ်းဆည်းရမိတဲ့ ပစ္စည်းတော့မရှိပါဘူး။ သူကလည်း သရုပ် အမှန်နဲ့မလာဘူးလေ ဒီတိုင်း ရုပ်ဖျက်ပြီးလာတာဆိုတော့ ကျွန်တော့်ရဲဘော်လည်း ဘာမှ သူ့ဆီက ယူမသွားနိုင်ဘူး" ဟု Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၄
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ငဖဲမြို့နယ် ဘုံးဘောကျေးရွာအတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်လာခြင်းဖြစ်ပြီး ရွာလုံးကျွတ် နေအိမ်များကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးသွားကြောင်း၊ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးမှုတွင် နေအိမ်များ မီးလောင်ပြာကျမှု များပြားပြီး အရေအတွက် အတိအကျ မသိရကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့ ကလည်း ပထမအကြိမ် ဘုံးဘောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈ လုံး ပျက်စီးကြောင်း သိရှိရသည်။
"နိုဝင်ဘာလ ၂၃ ရက်နေ့က အင်အားရာနဲ့ချီ၀င်ရောက်ဖျက်ဆီး မီးရှို့ကြတယ်။ အခုထိတော့ သိရတာက နေအိမ် ၄၀ လောက်အနည်းဆုံး မီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေ ရွာထဲမှာ ရှိနေသေးလို့ အသေချာသွားကြည့်လို့မရသေးဘူး။ လက်နက်ကြီးနဲ့တစ်ချိန်လုံးပစ်နေတာ" ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး ဘုံးဘောလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဆိုပါ စီးနင်းမှုအပြီးတွင် စစ်တပ် စစ်ကြောင်းက ဘုံးဘောကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ပထမအကြိမ် မီးရှို့ခြင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်မှာ စစ်ကားတွေ စစ်ကြောင်းတွေ မကြာခဏ အတိုက်ခံနေရတော့ ငဖဲမြို့နယ်ထဲကို စစ်တပ်က ပိုပြီး စစ်ကြောင်းထိုးလာတာ။ အဓိက အဲဒီလမ်းကြောင်းကို သုံးပြီး ရခိုင်၊ အမ်းဘက်ကို စစ်ကူပို့နေတာဖြစ်တယ်။ အဲဒါကြောင့် ရွာတွေကို စစ်တပ်က ပိုပြီး စီးနင်းလာတာ" ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာ အပါအဝင် ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး စစ်တပ် စစ် ကြောင်း အင်အား ၁၀၀ ဝန်းကျင်က လှည့်လည် စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို စစ်တပ်က ယမန်နေ့ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးနေစဉ်။
KIA က ကန်ပိုက်တီမြို့ကို သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ စစ်ရှုံးသမား စစ်သည် ၃၂၀ ကို တရုတ်နိုင်ငံက မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာစစ်တပ်ထံ ပြန်လည် လွှဲပြောင်း
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ စစ်ရှုံးသမား စစ်သည် ၃၂၀ ကို တရုတ်နိုင်ငံက မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်း လိုက်ကြောင်း KIA သတင်းရင်းမြစ်နှင့် တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် တရုတ်စစ်တပ်က အထူးယာဉ်တန်းဖြင့် ကန်ပိုက်တီမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၀ ဦးကို မြန်မာစစ်တပ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၀ ဦးသည် နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်စဉ် တရုတ်နိုင်ငံက နယ်စပ်ဂိတ်ပေါက်ဖွင့်၍ လက်ခံခဲ့သော စစ်ရှုံးသမားများဖြစ်ကြောင်း သိရှိရသည်။
"ကျနော်တို့သိတာကတော့ စုစုပေါင်း စစ်အင်အား ၃၂၀ ပါ။ ကန်ပိုက်တီကို သိမ်းတုန်းကလည်း အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တရုတ်က နယ်စပ်ဂိတ်ဖွင့်ပေးပြီး လက်ခံတယ်။ အခုလည်း အထူးယာဉ်တန်းနဲ့ တရုတ်ကနေ မြန်မာစစ်တပ်ဆီကို မူဆယ်ကနေတစ်ဆင့် ပြန်လည် လွှဲပြောင်းပါတယ်" ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းမြစ်ကလည်း ယမန်နေ့ညပိုင်း ကြယ်ဂေါင်မှတစ်ဆင့် တရုတ်စစ်တပ်၏ အထူးယာဉ်တန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူပြီး မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းမှု အတည်ပြုနိုင်ကြောင်း ပြောဆိုသည်။
"တရုတ်စစ်တပ်က ရွှေလီမြို့ကို ဖြတ်ပြီး ကျယ်ဂေါင် မန်ဝိန်းနယ်စပ်ဂိတ်ကို ပို့တာပါ။ Express ကား ၁၃ စီး ခန့် ပါဝင်ပြီး ရှေ့ဆုံးက စစ်ကား နောက်မှာက လေးစီးခြားမှာ တရုတ်စစ်ကားတစ်စီး အစောင့်လိုက်ပါလာပါတယ်။ ပို့တဲ့အချိန်မှာ တရုတ်ရဲ ၊ အထူးရဲ ၊ ယာဉ်ထိန်းရဲတွေက နယ်စပ်ဂိတ်မှာ လုံခြုံရေးယူကြတာ" ဟု တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရှင်းပြသည်။
တရုတ်နိုင်ငံက ယင်းသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းမှုမှာ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ် မန်စီမြို့နယ် ၊ခမရ ၄၂၄ ရှေ့တန်းစခန်း၊ ခမရ ၄၂၄ ပင်မတပ်ရင်း နှင့် ရဲစခန်းတို့မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးကို မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းခဲ့သည်။
အလားတူ ယခုနှစ် ဧပြီလအတွင်း မြန်မာ- တရုတ် နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်နှင့် လွယ်ဂျယ်မြို့ကို KIA က သိမ်းပိုက် စဉ် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ဦးကိုလည်း မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံသို့ တရုတ်က ပြန်လည် လွှဲပြောင်းပေးခဲ့ပြန်သည်။
လက်ရှိတွင် တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးသည့် စစ်ရှုံးသမားများဖြစ်ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၇ ဦးရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။
တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး စစ်သား အလောင်းများကို အိမ်စီးကားဖြင့် သယ်ဆောင်သွား၊ စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး စစ်သား အလောင်းများကို အိမ်စီးကားဖြင့် သယ်ဆောင်သွားကာ စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် ရမ်းဖိုကျေးရွာ အကြား ပြင်ဝန်းကျေးရွာ အနီးတွင်ခြေလျင် တက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ မိုင်း ၇ လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်သား မသာအလောင်းများနှင့် ဒဏ်ရာရရှိသူများကို VOGO ကားဖြင့် ၄ ကြိမ် သယ်ထုတ်သွားကြောင်း သိရှိရသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီမြို့နယ် ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
Photo - မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များ
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊နိုဝင်ဘာ ၂၃
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူ ၃၀၀ကျော် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အလှူရှင်ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
မတ္တရာမြို့နယ်အတွင်း ၃ ရက်ဆက် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့၊ စစ်တပ်က ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် မတ္တရာမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ၃ ရက်ဆက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကာ ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် မတ္တရာမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး မတ္တရာမြို့နယ်၊ မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီနင်းပြီး ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူကာ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ကြီးထိမှန်ကာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ပေါင် ၅၀၀ ဗုံး ၄ လုံးနှင့် ပေါင် ၂၀၀ ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်မေ့မျောခဲ့ကြောင်း သိရသည်။
မြေပြင်တွင်လည်း မန္တလေးနှင့် မတ္တရာမြို့ဘက်မှ လာသော စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး သမင်ခြံရွာ၊ သူဌေးကုန်းရွာ၊ ဥဒိန်ရွာ၊ ဆောက်ခြုံပေါက်ရွာ၊ ကုန်တန်းကြီးရွာ၊ ကုန်းတန်းလေးရွာ၊ စိန်ပန်းကုန်းရွာ၊ အေးကျွန်းရွာ၊ ထန်းခြောက်ပင်ရွာ၊ ရွှေဘိုကြီးရွာ၊ ရတန်းရွာ အပါအဝင် မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းအားလုံးကို ခိုးယူပြီး မတ္တရာမြို့ပေါ်ကို ယူဆောင်သွားကြောင်း သိရှိရသည်။
"မတ္တရာမြို့နယ်က စစ်တပ်က လေကြောင်း၊ ရေကြောင်း ပစ်ကူရော လက်နက်ကြီးပစ်ကူရော မြေပြင် အင်အား အလုံးအရင်းနဲ့ကို စစ်ကြောင်းထိုးနေတာ သမင်ခြံရွာဆို တစ်ရွာလုံးနီးပါ မီးရှို့ဖျက်ဆီးခံရတယ်။ စုစုပေါင်း ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်။ မြစ်ရိုးတစ်လျှောက်က ရွာတွေကို ဝင်ပြီး ပစ္စည်းတွေယူ ယူလို့ဝရင် မီးရှို့ထားခဲ့တာ တစ်ရွာဝင်တစ်ရွာထွက်နဲ့ကိုလုပ်နေတာ ပြည်သူ ၅ ဦးက ကြက်ပြန်မှာ ဖမ်းတာ စစ်ခွေးနဲ့ တွေ့လို့သတ်ခံရတာ ကျန် ၂ ဦးက လက်နက်ကြီးထိမှန် သေဆုံးတာ" ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Photo - စစ်ကိုင်းတိုင်း အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)
ယင်းမာပင်မြို့နယ်တွင် "Airbus - စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်"စာသားနှင့် ချီတက်ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက "Airbus - စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်" စာသားများကိုင်ဆောင်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က တရုတ် ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက်ဆိုပြီး တရုတ် လက်နက်ကိုင်တပ်ဖွဲ့ကို စစ်ကောင်စီက ခေါ်ယူထားပြီး Jammer တွေ တပ်ဖို့ နဲ့ ထောက်လှန်းရေး ဒရုန်းတွေ ချထားဖို့တွေအပြင် ၊ မိုင်းတွေပါ တပ်ဆင်တာတွေလည်း လုပ်ဆောင်ဖို့ ရှိနေပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့က ရေကျော်ပွဲစျေးကို ကျင်းပခိုင်းထားတဲ့ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေ ဗုံးခွဲမယ်ဆိုတဲ့ သတင်းအမှားတွေကို ဝါဖြန့်နေသလို ၊ သူတို့ကသာ ဗုံးခွဲပြီး တော်လှန်ရေးအပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားအောင် အပြစ်ပုံချတာတွေ လုပ်လာနိုင်တယ်လို့ မြောက်ဥက္ကလာပ မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း ၊ ဆီမီးခုံမြို့မှာရှိတဲ့ ကောင်းမြက်အောင် စားသောက်ဆိုင်မှာ သောက်စား မူးရူးနေတဲ့ ရဲ ၃ ဦးကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်မှုအတွင်း ရဲ ၂ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတဲ့အပြင် ၊ ကျန်တဲ့ ၁ ဦးက ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/y58FYK3sCu0?si=SvIxH-3tUTFZ8p4a
မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဦးက KPDF အဖွဲ့ဝင်၏ အစ်မဖြစ်သူကို မုဒိမ်းပြုကျင့်မှု အမှုဖွင့်မရ၊ လူငယ်များကိုပေါ်ဆွဲပြီး ငွေခြိမ်းခြောက်တောင်းမှုများလည်း ကျူးလွန်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ယင်းသာစည်ကျေးရွာအုပ်စု၊ ကျောက်ပစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ဦးက KPDF အဖွဲ့ဝင်တစ်ဦး၏ အစ်မဖြစ်သူကို မုဒိမ်းပြုကျင့်ခဲ့ပြီး ယင်းသို့ မုဒိမ်းပြုကျင့်မှုအတွက် အမှုဖွင့်ရန် ကြိုးစားသော်လည်း အမှုလုပ်မရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မကွေးမြို့နယ်၊ ယင်းသာစည်ကျေးရွာအုပ်စု၊ ကျောက်ပစ်ကုန်းကျေးရွာမှ မောင်သန်းဌေးအောင်သည် KPDF တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်သွားမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဦးက သိရှိသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်၏ အစ်မဖြစ်သူကို ၎င်း၏ မောင်ကိစ္စ အကြောင်းပြ၍ ခြိမ်းခြောက် မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ ပြုကျင့်မှုအတွက် ကာယကံရှင် မိသားစုက အမှုဖွင့်ရန် ကြိုးစားသော်လည်း အမှုဖွင့်မရဖြစ်နေကြောင်း သိရှိရသည်။
" KPDF ထဲ ဝင်သွားတဲ့သူရဲ့ အစ်မဖြစ်သူ မ--------- ကို စက်ချုပ်သင်တန်းတက်ရမယ်၊ လိုက်ပို့မယ်ဆိုပြီး အုပ်ကြီးကျော်ဦးက မုဒိမ်းပြုကျင့်ပါတယ်။ အဲဒီအမှုကို အမှုဖွင့်ဖို့ လုပ်ပေမယ့် ဖွင့်မရပါဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးမြို့နယ် ယင်းသာစည်အုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး ကျော်ဦးက စစ်မှုထမ်းရန်အတွက် လူငယ်များကို စစ်တပ်နှင့်ပူးပေါင်း၍ ဖမ်းဆီးမှုများ၊ ငွေကြေး ခြိမ်းခြောက်တောင်းခံမှုများကိုလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။
"ကျေက်ပစ်ကုန်းကျေးရွာမှာ လူငယ်တွေကို စစ်တပ်နဲ့အုပ်ကြီးပေါင်းပြီး ဖမ်းတယ်။ ငွေညှစ်တယ်။ လစဉ် ငွေကောက်တယ်။ စားဝတ်နေရေး မပြေလည်ပေမယ့် သူ့ကို လစဉ် ငွေပေးနေရတယ် ။ အုပ်ကြီးကျော်ဦးက စစ်မှုထမ်းအပတ်စဥ် ၃ အတွက် ငွေကျပ်သိန်း၉၀ ပေးရမယ်ဆိုပြီး ခြိမ်းခြောက်တောင်းပြီးကတည်းက တောက်လျှောက် ငွေတောင်းနေတာ။ အခုအပတ်စဉ်အတွက်လည်း ငွေမပေးရင် အရေးယူခံရမယ်ဆိုပြီး သေနတ်ဖောက်တယ်" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
ယခု စစ်မှုထမ်းအပတ်စဥ် ၇အတွက်လည်း စစ်မှုထမ်းရန် လူမပေးနိုင်လျှင်သော်လည်း ကောင်း၊ ငွေကြေး မပေးနိုင်လျှင်သော်လည်း ကောင်း အရေးယူမည်ဟု သေနတ်များပစ်ဖောက် ခြိမ်းခြောက်သဖြင့် ပြည်သူများမှာ ထိတ်လန့် ကြောက်ရွံ့နေရကြောင်း ဒေသပြည်သူများက ဆိုကြသည်။
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာသည် NLD ပါတီထောက်ခံသော အမာခံ ကျေးရွာတစ်ခုဖြစ်သည့်အတွက် စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- NLD ပါတီကို အမာခံထောက်ခံသော မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာ။
ကလေးမြို့တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲချသဖြင့် ကလေးငယ်နှင်ဖခင်တို့ ဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ မြို့ကြီးကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၄၀ ဝန်းကျင် ဖခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
"ဗုံးကွဲသံ လေးချက်။ လေးလုံးချတာ။ အဖေဖြစ်တဲ့သူက ခေါင်းကိုထိသွားတာ" လို့ ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ သားဖြစ်သူကလေးငယ်ကတော့ ပခုံးမှာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မြို့ကြီးကုန်းကျေးရွာဟာ စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးနည်းပညာတက္ကသိုလ်ရဲ့ အနောက်တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာမှာ တည် ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ကလေးမြို့နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီက အနီးအနားဝန်းကျင်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာ လချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
"ဒီနေ့လည်း ထိုမာထဲကိုချတယ်။ လူတွေမနေတော့ လူတွေတော့မထိဘူး။ အမှတ် ၆၊ အမှတ် ၇ ရပ်ကွက်က အိမ်တွေတော့ ပျက်စီးနေပြီ" လို့ စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးမြို့နည်းပညာတက္ကသိုလ်နဲ့ မိုင်ဝက်ခန့်အကွာ ထိုမာကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီလိုပါပဲ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ကလေးမြို့တောင်ဘက်၊ ထိုမာကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့တယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ရွာကို ဆက်တိုက်နေ့တိုင်းနီးပါးလာချနေတာဖြစ်တယ် လို့ ထိုမာဒေသခံကပြောပါတယ်။
စစ်ကောင်စီက ပြည်သူတွေကို ဒရုန်းတွေနဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်းတန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးနည်းပညာတက္ကသိုလ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တစ်ခုက နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာကလေးမြို့နဲ့ ကလေးဝကြား လမ်းပေါ်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေပါတဲ့ ကားတစ်စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်၏ ဒရုန်းနှင့်ဗုံးများ။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
အိန္ဒိယနိုင်ငံသားဟာ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်က ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်ဂိုဏ်း တစ်ခုဆီမှာ လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်ရေး အလုပ်လုပ်ကိုင်ဖို့ ငြင်းဆန်နေတာကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ The Time of India အပါအဝင် အိန္ဒိယသတင်းဌာနတချို့ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
ဧရာ၀တီမြစ်တစ်လျှောက် မြစ်ရေစမ်းသပ်စစ်ဆေးမှုအရ မြစ်ကြီးနား၊ ဗန်းမော်နဲ့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများအပြားမှာ အဆိပ်သင့်သတ္တုတွေ ရေတွင်းပျော်ဝင်နေမှု မြင့်မားစွာ တွေ့ရှိရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/ORAp3IAffhI?si=vVA2EEpMi-tttaej
တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက မြို့မှ တိမ်းရှောင်ရန်ကြိုးစားသည့် လူငယ် ၃ ဦးကို ဖမ်းဆီး
ရန်ကုန်၊ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် မြို့ထဲမှ ထွက်လာသည့် မိန်းကလေး ၂ ဦး နှင့် ယောကျ်ာလေး ၁ ဦး ကို စစ်တပ် လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ လူငယ် ၃ ဦးသည် တမူးမြို့ထဲမှ လွတ်ရာသို့ ထွက်လာစဉ် မြို့ရှောင်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
"မြို့ရှောင်လမ်းမှာ ဖမ်းခေါ်သွားတာ။ သူတို့က မြို့ကနေ လွတ်ရာကို ထွက်လာတာပေါ့။ အဲ့ဒီမှာ အဖမ်းခံရတာ" ဟု တမူးဒေသပြည်သူ တစ်ဦးက ဆိုသည်။
တမူးမြို့တွင် ပန်းချီချမ်းမြေ့ဆိုသူဦးဆောင်သည့် ပျူစောထီးအဖွဲ့က စိုးမိုးနေပြီး ၎င်းတို့စိတ်ကြိုက် ပြုမှုနေထိုင်ကြကြောင်း၊ အလားတူ အောက်တိုဘာ ၂၀ရက်နေ့ ညပိုင်း တမူးမြို့မှ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီနှင့် ပျူစောထီးများက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း တမူးမြို့တွင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးကို ပျူစောထီးများက ပစ်သတ်ပြီး အလောင်းများ စွန့်ပစ်ထားခဲ့ကြောင်း၊ ပြည်သူများအပေါ် သတ် ဖြတ် ဖမ်းဆီးမှုများကို တမူးမြို့ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့လက်အောက်က ပျူစောထီးအဖွဲ့ဝင်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
"သူသတ်ခဲ့တဲ့လူတွေ တစ်ရာမကရှိပြီ။ သူအရင်က သူနေတဲ့ မြို့မ ၁၂ ရပ်ကွက်လောက်ကနေ ခုတော့ တမြို့လုံးနီးပါး သူ့အုပ်စိုးနယ်လိုဖြစ်နေတော်တာ။ မကောင်းတဲ့၊ ရက်စက်တဲ့နေရာမှာ နာမည် ကြီးပဲ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
တမူးမြို့မှ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့သည် NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မဖွယ်မရာလုပ်ပြီး လိုင်းပေါ်မှာတင်ခဲ့သဖြင့် အသရေဖျက်မှုနှင့် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရဖူးသူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးခါစ တမူးမြို့သပိတ်မှောက်ပြည်သူများက ပန်းချီချမ်းမြေံကို စစ်တပ်သတင်းပေးသူအဖြစ် ဖမ်းဆီးခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ဖူးကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ အကြမ်းဖက်နိုမ်နင်းမှုကြောင့် တမူးမြို့မှ သပိတ်အဖွဲ့များ စတင်ဆုတ်ခွာချိန်မှစ၍ ပန်းချီ ချမ်းမြေ့က ပျူစောထီးခေါင်းဆောင်ဖြစ်လာပြီး တမူးမြို့၊ မြို့မရပ်ကွက် ၁၂ ကို အပိုင်စားအုပ်စိုးခဲ့ကြောင်း၊ ပန်းချီချမ်းမြေ့၏ သားနှင့် တူမတို့ကို UG (အမည်မသိရ) အဖွဲ့တစ်ခုက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ပန်းချီချမ်းမြေ့က တမူးမြို့ ပြည်သူများအပေါ် ရက်ရက်စက်စက်ပြုမူ သတ်ဖြတ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၁၅ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊နိုဝင်ဘာ ၁၅
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှစစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်း တစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။