မြန်မာမှာ လူကုန်ကူးခံရသူတွေကိုကယ်တင်ရေး ထိုင်းရဲတပ်ဖွဲ့ ကြိုးပမ်း
~~~
■ မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူ ၁၁၀ ခန့်ကိုကယ်တင်ရာမှာ ကူညီဖို့အတွက် ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲဌာန (ATPD) က စတင်ဆောင်ရွက်နေပြီလို့ ဘန်ကောက်ပို့စ်က အောက်တိုဘာ ၃၀ ရက် ဒီနေ့ သတင်းမှာ ဖော်ပြပါတယ်။
ရဲဌာန (ATPD) အကြီးအကဲဖြစ်သူ ဆာရု ခွမ်ဆိုဖား (Sarut Kwaengsopha) က ဌာနအနေနဲ့ လူကုန်ကူးခံရသူတွေကို ကယ်တင်ရေး နည်းလမ်းရှာဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာထားရှိတဲ့ ရဲဝန်ထမ်းတွေနဲ့ နယ်စပ်မြို့ကော်မတီ ဥက္ကဋ္ဌတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
လူကုန်ကူးခံရပြီး ကရင်ပြည်နယ်မှာ တရုတ် ဒုစရိုက်ဂိုဏ်းက အဓမ္မခိုင်းစေနေတဲ့ လူတစ်ရာကျော် အမြန်ပြန်လွတ်အောင် ကူညီပေးဖို့ ထိုင်းအစိုးရကို အရပ်ဘက်အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်ပြီးနောက် ထိုင်းအာဏာပိုင်တွေဘက်က အခုလို တုံ့ပြန်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
လူကုန်ကူးခံရသူများ ထောက်ပံ့ကူညီရေး အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil Society Network for Victim Assistance in Human Trafficking) က ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ဆီကို အောက်တိုဘာ ၂၄ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ပြီး မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ။
အဲဒီအဖွဲ့ဟာ လာအိုနိုင်ငံက လူ ၁၉ ဦး အပါအဝင် နိုင်ငံကိုးနိုင်ငံက လူအယောက် ၁၁ဝ ဟာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ နယ်ခြားစောင့်တပ် BGF တို့ ထိန်းချုပ်တဲ့ဒေသမှာ ပိတ်မိနေကြောင်း RFA ကိုပါ ပူးတွဲ မိတ္တူပေးပို့တဲ့ပေးစာမှာ ဖော်ပြထားပါတယ်။
အခုနှစ် ဇူလိုင်လကလည်း မြန်မာနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး မြဝတီကို လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ကယ်တင်ရာမှာ ထိုင်းရဲတွေက အကူအညီ ပေးခဲ့ရပါတယ်။
_____
အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် အဆောက်အအုံများကို တွေ့ရစဥ်။ (RFA Photo)
#လူကုန်ကူး #ထိုင်းရဲတပ်ဖွဲ့ #မြန်မာ #ကြိုးပမ်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
ပေါင်မြို့နယ်မှာ ရေလုပ်သား ငါးဆယ်ခန့် ဝမ်းရောဂါကူးစက်နေ
~~~
■ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ငါးဖမ်းစက်လှေလုပ်သား ငါးဆယ်ခန့် ဝမ်းရောဂါ ကူးစက်ခံထားရပြီး အဲဒီအထဲက ရောဂါပြင်းထန်သူတချို့ကို မော်လမြိုင်ဆေးရုံအထိ ပို့ဆောင်ကုသနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၃၀ ရက် ဒီနေ့မှာ ပြောပါတယ်။
ပင်လယ်ကမ်းစပ်ဘေးက ရွာတွေဖြစ်တဲ့ အလှပ်နဲ့ ဝဲပတန်ရွာက ရေလုပ်သားတွေတချို့ အောက်တိုဘာ တတိယပတ်ကစလို့ ဝမ်းရောဂါကူးစက်မှုတွေ ရှိနေတာလို့ စိတ္တသုခ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“တိုက်နယ်ဆေးရုံက ဆရာဝန်က လှမ်းဆက်သွယ်လို့ မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ လောလောဆယ် ကျွန်တော်တို့ ပို့ဆောင်ပေးခဲ့တာကတော့ ၂၈ ယောက်ပါ။ သေဆုံးမှုတွေကတော့ မရှိပါဘူး။ ပေါင်မြို့ပေါ်မှာတော့ ကူးစက်မှုတွေ မရှိသေးပါဘူး။ ကူးစက်ထားသူတွေကိုတော့ Camp သဘောမျိုးနဲ့ ဆေးရုံမှာပဲထားပြီး စောင့်ကြည့်ကုသမှု ပေးနေပါတယ်”
ရောဂါပြင်းထန်သူတချို့ကို မော်လမြိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပြီး တချို့ကတော့ အလှပ် တိုက်နယ်ဆေးရုံနဲ့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်ရှိမှာ ဝမ်းရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဝမ်းရောဂါ ဖြစ်ပွားတဲ့နေရာက ရေတွင်း၊ ရေကန်တွေကို ကလိုရင်းဆေးခတ်တာ၊ ဆေးဖြန်းတာတွေအပြင် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အသိပညာပေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းရောဂါကြောင့် ရေလုပ်သားခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဆေးကုသမှု ခံယူခဲ့ရပါတယ်။
______
ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဝမ်းရောဂါဖြစ်ပွားနေသူများကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဥ်။ (Facebook/ စိတ္တသုခ လူမှုကူညီရေးအသင်း ဓာတ်ပုံ)
#ပေါင်မြို့နယ် #ဝမ်းရောဂါ #ရေလုပ်သား #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
အာဏာသိမ်းကာလ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံး
~~~
■ ချင်းပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်က ချင်းပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၂၃၉ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၈ ဦးထဲမှာ ကလေး ၂၉ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၂၃၁ ဦးထဲမှာ ကလေး ၂၁ ဦး ပါ၀င်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၄၇၀ ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၂၂ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂၁ ခု၊ ဘုန်းကြီးကျောင်း ငါးကျောင်းနဲ့ ကျန်းမာရေး အဆောက်အအုံ ခြောက်ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
လတ်တလော လေကြောင်းတိုက်ခိုက်မှုအနေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က မတူပီမြို့အနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
---------------
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ်၊ မတူပီမြို့ရှိ ဘာသာရေး အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Facebook/ Chinland Defense Force Matupi - Brigade 1)
RFA Burmese Website တွင် ဖတ်ရှုရန် .....
#ချင်းပြည်နယ် #လေကြောင်းတိုက်ခိုက် #သေဆုံး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ဘုတလင်မှာ အရပ်သား ရှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား
~~~
■ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အရပ်သား ရှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အခုအချိန်အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၃၀ ရက် ဒီနေ့ ပြောပါတယ်။
အောက်တိုဘာလ ပထမအပတ်ကတည်းက စစ်ကောင်စီရဲ့ အင်အားတစ်ရာကျော်ပါတဲ့ တပ်မ ၃၃ စစ်ကြောင်းက ဘုတလင်မြို့နယ်ထဲက ရွာတွေကို စီးနင်းပြီးနောက် အရပ်သား ခြောက်ဆယ်ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ရွာတွေထဲ တကျော့ပြန်စစ်ကြောင်းထိုးပြီး အရပ်သား နှစ်ဆယ်ကျော်ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်းတဲရွာမှာ အောက်တိုဘာလ ၃၀ ရက် ဒီနေ့အထိ တပ်စွဲထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အင်းတဲရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ရွာမြောက်ပိုင်းကနေအိမ် နှစ်လုံးလောက် မီးရှို့ဖျက်ဆီးခံထားရပါတယ်။ အရပ်သားတွေလည်း စစ်ကောင်စီတပ်နဲ့အတူ ဖမ်းဆီးခံထားရတာပါ။ ဒါက စစ်တပ်က အရပ်သားတွေကို လူသားဒိုင်းကာ အဖြစ်လုပ်ထားတာပါ”
အရပ်သားတွေ ရှိနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်ဖို့ အခက်အခဲရှိတယ်လို့ ဘုတလင်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ တပ်မ ၃၃ ပူးပေါင်းစစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်း အရပ်သား နှစ်ဆယ်ကျော်ကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ပထမအပတ်ထဲက စစ်ကြောင်းထိုး စီးနင်းမှုတွေကြောင့် ဘုတလင်မြို့နယ်ထဲက စီပါနဲ့ မြောက်ကြည်ရွာ အပါအဝင် စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ တစ်လနီးပါးကြာသည်အထိ နေရပ်မပြန်နိုင်ကြ သေးပါဘူး။
_________
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီမှ မီးရှိ့ဖျက်ဆီးခဲ့သည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ရွာဇော်ကြီးတော်လှန်အသံ ဓာတ်ပုံ)
#စစ်ကိုင်းတိုင်း #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့
~~~
■ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ် (Ms. Julie Bishop) ဟာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ရိုက်တာက အောက်တိုဘာ ၃၀ ရက် ဒီနေ့ သတင်းဖော်ပြပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ဂျူလီဘိရှော့ပ်က ကုလအစည်းအဝေးတစ်ခုမှာ အောက်တိုဘာ ၂၉ ရက်နေ့က ပြောကြားခဲ့တာလို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးမှာ ပါဝင်ပတ်သက် နေသူတွေအားလုံးဟာ ပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက် နောက်ကြောင်းပြန်လှည့်ရမယ်လို့ ဂျူလီဘိရှော့ပ် ပြောပါတယ်။
အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့နဲ့ ကုလသမဂ္ဂနဲ့ ထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေ ဝင်ရောက်နိုင်ဖို့အတွက် ဘယ်လိုနည်းနဲ့မဆို ပြန်လည်သင့်မြတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
နေပြည်တော်ကို သွားရောက်လည်ပတ်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျူလီဘိရှော့ပ်က ပြောပေမဲ့ ဘယ်အချိန်မှာတွေ့ဆုံခဲ့ပြီး ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်မပြောကြားပါဘူး။
သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေဆက်ဖြစ်နေရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ တိုးတက်မှု အနည်းငယ်ပဲ ရှိနိုင်တာကြောင့် မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးက လက်ရှိအခြေအနေထက် ကျော်လွန်ပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ဂျူလီဘိရှော့ပ်က ပြောပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
_________
တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Military Counci Photo)
#ကုလအထူးကိုယ်စားလှယ် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
မနက်ခင်းသတင်း (၂၀၂၄ အောက်တိုဘာ ၃၀ ရက်)
~~~
- စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ငါးခုကို ဗြိတိန်အရေးယူ၊
- အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်သူ သုံးဦးနဲ့ အဖွဲ့အစည်းတစ်ခုကို EU ပိတ်ဆို့အရေးယူ၊
- ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း၊
- ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ တိုက်ပွဲကြောင့် လူထောင်ချီထွက်ပြေးနေရ၊
- ချောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးအပါအဝင် ငါးဦးသေဆုံး၊
- ဆယ်လအတွင်း စစ်ကြောရေးနဲ့ ထောင်တွေမှာ နိုင်ကျဉ်း ငါးဆယ်သေဆုံး၊
- စစ်ကောင်စီကို ဆက်လက်မကူညီဖို့ တရုတ်ကို ဖားကန့်ဒေသခံတွေဆန္ဒပြ၊
____________
#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း
~~~
■ ကယားပြည်နယ် (ကရင်နီ) ပြည်နယ်တွင်း ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်တွေကို ပြန်လည်ပေါင်းစည်းပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းထူထောင်လိုက်တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကရင်နီပြည်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနဲ့ တခြား ကယန်းဒေသတွေမှာရှိတဲ့ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ပြန်လည်ပေါင်းစည်းပြီး KNA ကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
ကယန်းဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးမှာ ဦးဆောင် ပါဝင်နေသူတွေနဲ့ ကော်မတီတစ်ရပ် စုစည်းဖွဲ့စည်းကာ KNA ကို ဦးဆောင်သွားမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်ကိုတော်လှန်ဖို့အတွက် အင်အားစုတစ်ခုပေါ်ထွက်လာတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဗညားက ပြောပါတယ်။
"စစ်အာဏာရှင်တိုက်ဖို့အတွက် နောက်ထပ်အင်အားစုတစ်ခု ဖွဲ့စည်းလာတာလို့ မြင်ပါတယ်။ တော်လှန်ရေးမှာအာဏာရှင်ကိုအမြစ်ပြတ်တိုက်ဖို့လို့ပဲ ဖြစ်တယ်။ ဘယ်လိုပေါင်းပြီး လုပ်ဆောင်မလဲဆိုတာနဲ့ စစ်ရေးအရ အသေးစိတ်ကိုတော့ မသိသေးပါဘူး"
ကယန်းအမျိုးသားတပ်မတော် (KNA) အခြေခံမူတွေအနေနဲ့ ကယန်းအမျိုသားတပ်မတော် ဖွဲ့စည်းတည်ဆောက်ရေး၊ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တစ်စုတစ်စည်းတည်း ပေါင်းစည်းရေး၊ အဖိနှိပ်ခံ ပြည်သူတွေကို ကာကွယ်ပေးရေးအပါအဝင် အချက်ကိုးချက်ကို ပြဌာန်းထားပါတယ်။
ဒါ့အပြင်အမျိုးသားရည်မှန်းချက်အနေနဲ့ ကယန်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဖော်ဆောင်ရေး၊ ပါတီစုံဒီမိုကရေစီကျင့်သုံးအရေးအပါအဝင် အချက် ငါးချက်တို့တို့လည်း ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
_______
RFA Burmese Website တွင် ဖတ်ရှုရန်…
#ကရင်နီ #KNA #ကယန်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ တိုက်ပွဲကြောင့် လူထောင်ချီထွက်ပြေးနေရ
~~~
■ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်အစပ်မှာ အောက်တိုဘာနောက်ဆုံးပတ်အတွင်း စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဒေသခံထောင်ကျော် ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အကြား နမ်းဖာမူ၊ လင်ခံ၊ ကုန်းပေါ၊ ဗန်းမောက်၊ လဲလောင်း၊ ပင်စုံ၊ လွိုင်ကြိုင်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာပါ။
အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“ပင်လောင်း-ဖယ်ခုံနယ်စပ်မှာရှိတဲ့ ရွာတွေမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်ပေါ့နော်။ စစ်ကောင်စီက အဲဒီကျေးရွာတွေမှာရှိတဲ့ နေအိမ်တချို့တွေကို မီးရှို့နေပါတယ်”
တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ကူညီထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲနေပြီး ဆောင်းရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေအတွက် နေစရာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂၀၂၄ ခုနှစ် မေလကတည်းက စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား တိုက်ပွဲဖြစ်နေတာပါ။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
#ပင်လောင်း #ဖယ်ခုံ #စစ်ဘေးဒုက္ခသည် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ချောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးအပါအဝင် ငါးဦးသေဆုံး
~~~
■ မကွေးတိုင်း ချောက်မြို့နယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ Chauk Revolution Army (CRA) က အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ၂၇ ရက်နေ့မှာ ရွာမကျေးရွာကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ်အခြေစိုက် အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားတာဝန်ခံက RFA ကို ပြောပါတယ်။
"စစ်ရှောင် အရပ်သားနှစ်ယောက်အပါအဝင် ကျွန်တော်တို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတနဲ့ ရဲဘော်တစ်ဦးကျဆုံးတယ်၊ မကွေးခရိုင်တပ်ရင်းက တစ်ဦး ကျဆုံးတယ်၊ ဒီနေ့မနက် အလောင်းသွားကောက်ပြီး မီးရှို့သင်္ဂြိုလ်လိုက်တယ်"
အဲဒီနေ့ညနေမှာပဲ စစ်ကောင်စီတပ်သားတွေက ရွာမကျေးရွာထဲ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်နှစ်ဆယ် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ အလားတူ နရွဲတောရွာမှာလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် သုံးဆယ်ကျော် (၃၃ အိမ်) မီးလောင်ပျက်စီခဲ့တယ်လို့ ရေးသားထားပါတယ်။
လက်ရှိ နှစ်ဘက်တိုက်ပွဲတွေကြောင့် ချောက်မြို့နယ်မှာ ကျေးရွာပေါင်း နှစ်ဆယ်ကျော် (၂၂ ရွာ) က ဒေသခံနှစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။
ချောက်မြို့နယ်အတွင်းကို အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရာက်ခဲ့တာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက်ကနေ ၂၇ အထိ လေးရက်အတွင်း စစ်ကောင်စီတပ်နဲ့ အာဠာဝက မြိုပြပြောက်ကျားတပ်အကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် သေဆုံးတာတွေ ရှိတယ်လို့လည်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားတာဝန်ခံက ပြောပါတယ်။ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
လက်ရှိ စစ်ကောင်စီဘက်က ဧရာဝတီမြစ်ဘက်မှာ ပိတ်ဆို့ထားသလို စလေမြို့ဘက်မှာလည်း အင်အားဖြည့်နေတယ်လည်း ပြောပါတယ်။
ဒီထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၇၂ ဦးရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…
#လေကြောင်း #ဗုံးကြဲ #ချောက် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ဆယ်လအတွင်း စစ်ကြောရေးနဲ့ ထောင်တွေမှာ နိုင်ကျဉ်း ငါးဆယ်သေဆုံး
~~~
■ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာ ၂၉ ရက်အထိ ဆယ်လအတွင်း စစ်ကောင်စီရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ငါးဆယ်သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ အမျိုးသား ၁၂ ဦး သေဆုံးခဲ့သလို ရဲစခန်းမှာ အမျိုးသား ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကျဉ်းထောင်ထဲမှာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ၂၅ ဦး သေဆုံးခဲ့ပြီး နာမည်တကွ အတည်ပြုနိုင်တယ်လို့လည်း ရေးသားထားပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာက ဦးရဲအောင် (ခ) ကိုချင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တွေနဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် ထားဝယ်ထောင်ရောက်ပြီး ထောင်အတွင်း လေဖြတ်တဲ့ရောဂါ ခံစားရတာကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထောင်ကနေ ထားဝယ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသစဉ် အောက်တိုဘာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ဦး ပါဝင်တယ်လို့ AAPP က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းချိန်ကနေ အောက်တိုဘာ ၂၉ ရက်နေ့အထိ စစ်ကောင်သတ်ဖြတ်မှုကြောင့် အရပ်သား ခြောက်ထောင်နီးပါး (၅,၈၉၅ ဦး) သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…
#စစ်ကြောရေး #အကျဉ်းထောင် #နိုင်ကျဉ်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
စစ်ကောင်စီဘက်က ဖမ်းဆီးမှုကြောင့် ပြည်ပထုတ်ကုန်တွေ ပြတ်လပ်လာ
~~~
■ စစ်ကောင်စီဟာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုပြီး နယ်စပ်ကဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပထုတ်ကုန်ပစ္စည်းတွေ စျေးကွက်မှာ ပြတ်လပ်လာပြီး စျေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။နယ်စပ်ကုန်သည်တွေနဲ့ စီးပွားရေး သုံးသပ်သူတွေကတော့ တရားမဝင် ကုန်သွယ်မှုအတွက် စစ်ကောင်စီဘက်က လိုင်စင်အပြည့်အ၀ မချပေးဘဲ အခုလိုဖမ်းဆီးနေတာ မမှန်ကန်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒီအကြောင်း မထက်ထက်အိန္ဒြာအောင် ပြောပြပေးပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
မိဘမဲ့ကလေးတွေကို သက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေတဲ့ ဗေသေသဒကျောင်း
~~~
■ နာဂဒေသ အပါအဝင် ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားနယ်မြေက မိဘမဲ့ကလေးတစ်ရာကျော်ကို ကျောင်းပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးနေတဲ့ မိဘမဲ့ကလေး ပြုစုပျိုးထောင်ရေးဂေဟာတစ်ခု ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ ရှိပါတယ်။ အဲဒီကျောင်းကို မြန်မာလို ဗေသေသဒ မိဘမဲ့ကလေး ပြုစုပျိုးထောင်ရေးဂေဟာလို့ နာမည်ပေးထားပါတယ်။ အဲဒီကျောင်းလေးအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။
#မိဘမဲ့ကလေးများ #သက်မွေးဝမ်းကျောင်းပညာ #ဗေသေသဒ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
မိဘမဲ့ ကလေးတွေအတွက် ခိုနားရာကျောင်းလေး
~~~
#မိဘမဲ့ကလေးများ #သက်မွေးဝမ်းကျောင်းပညာ #ဗေသေသဒ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ကြို့ပင်ကောက်မှာ ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရပြီး နေအိမ်တချို့ မီးရှို့ခံရ
~~~
■ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် အောက်တိုဘာလ ၂၉ ရက် ဒီကနေ့မနက်မှာ အမျိုးသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ် ခုနှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၁၅ဝ ခန့်ရှိတဲ့ အေးရွာလေးကို စစ်ကောင်စီက ဝင်ရောက်တပ်ဆွဲပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်ပေါင်း ခုနစ်လုံး မီးရှို့သွားတယ်ဗျ။ သူတို့ ထင်တဲ့အိမ်တွေ ရွေးရှို့သွားတာ။ အိမ်ကြီးအိမ်ကောင်းတွေကြီးပဲဗျ။ ကျစွာဘုန်းကြီးကျောင်းထဲမှာ ပြည်သူအယောက် ခြောက်ဆယ်ပိတ်မိတဲ့ အထဲမှာမှ အခုမနက် အရပ်သား ၁၅ ယောက်ကို ဖမ်းခေါ်သွားတယ်ဗျ”
အဲဒီလူတွေကို ပျူစောထီးအဖွဲ့တွေရှိနေတဲ့ ကွင်းချောင်းရွာကို ဖမ်းခေါ်သွားတယ်လို့ သူက ပြောပါတယ်။
အေးရွာလေးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၈ ရက် ည ၆ နာရီခန့်က ရွာလယ်ခေါင်ကနေ မီးစရှို့ခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တယ်လို့ သံသယရှိတဲ့ နေအိမ်တွေကို ရွေးပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့က အဲဒီစစ်ကြောင်း ဝင်ရောက်လာချိန်မှာတော့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကြိုပင်ကောက်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်၊၊
“စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ နှစ်ရက် တိုက်ပွဲဖြစ်ပြီးတော့ ကျွန်တော်တို့ ခွာပေးလိုက်တဲ့ အချိန်မှာ စစ်တပ်က ရွာထဲတပ်ဆွဲလိုက်တာဗျ”
အဲဒီတိုက်ပွဲကြောင့် ဒေသခံတွေက အေးရွာလေးထိပ်က ကျစွာဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ခိုလှုံနေချိန် စစ်ကောင်စီတပ်က ရွာကိုတပ်စွဲလိုက်တာကြောင့် ပိတ်မိခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ အေးရွာလေးရွာက လူထက်ဝက်ခန့်က ကြို့ပင်ကောက်မြို့ပေါ် ကို ရှောင်တိမ်းနေကြရသလို တချို့က တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်၊၊
ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ်က ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်အစပ်က ရွာတွေကို စစ်ကြောင်းထိုးနေပြီး အုတ်ဖိုမြို့နယ်မှာတော့ အမျိုးသား သုံးဦးသတ်ဖြတ်ခံရပြီး နေအိမ်လေးဆယ်ခန့် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
________
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးက နေအိမ်များ မီးရှို့ခံရသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
#ပဲခူးတိုင်း#မီးရှို့မှု #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
ဆေးရုံတင်ထားရတဲ့ လျှပ်စစ်ဝန်ကြီးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး
~~~
■ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ ကျန်းမာရေးမကောင်းတာကြောင့် မန္တလေးဆေးရုံကြီးက အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေရစဉ် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လွတ်ငြိမ်းသက်ခွင့် ပေးလိုက်တယ်လို့ ဒီအခြေအနေကို သိရှိသူတွေက RFA ကို ပြောပါတယ်။
အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပြီး အောက်တိုဘာလ ဒုတိယပတ်ကစလို့ မန္တလေးဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှု ခံယူနေရတာလို့ ဆိုပါတယ်။
သူဟာ အထူးကြပ်မတ်ကုသဆောင်မှာ သတိလစ်မေ့မြောနေတာဖြစ်ပြီး မနေ့က ညနေပိုင်းမှာတော့ အာဏာပိုင်တွေက ဆေးရုံကိုလာပြီး လွတ်ငြိမ်းသက်သာခွင့်ကို အမိန့်ကို ဖတ်ပြသွားတာလို့ အဲဒီအခြေအနေကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဟုတ်တယ်ဗျ။ မနေ့ကညနေပိုင်းမှာ လွတ်ငြိမ်းခွင့်ကို ဆေးရုံမှာ ဖတ်ပြသွားတယ်လို့ သိထားတယ်။ မိသားစုဝင်တွေကိုတော့ ကျွန်တော်တို့လည်း ဆက်သွယ်နေပါတယ်။ ကျန်းမာရေးကလည်း စိုးရိမ်ရတဲ့ အခြေအနေပါ”
ဒီအခြအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဦးဝင်းခိုင်ဟာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက ဖမ်းဆီးခဲ့ရတာဖြစ်ပြီး သူလုပ်ခဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေမှာ နိုင်ငံဘဏ္ဍာတွေ ဆုံးရှုံးထိခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချခဲ့တာ ဖြစ်ပါတယ်။
မန္တလေးဆေးရုံကြီးမှာ အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာဆိုရင်လည်း မကွယ်လွန်မီ နာရီပိုင်းအလိုမှာမှ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာပါ။
အလားတူ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းဟာလည်း ဩဂုတ်လ ၁၉ ရက်က ကွယ်လွန်ခဲ့ပြီး မကွယ်လွန်ခင်က သူ့ကို အင်းစိန်ဆေးရုံမှာ အကျဥ်းသားအဖြစ် ခြေချင်းနဲ့ ဆေးရုံတင်ထားခဲ့ကာ ကျန်းမာရေးဆိုးရွားနေချိန် မကွယ်လွန်ခင် သုံးရက်အလို သြဂုတ်လ ၁၆ ရက်နေ့ကျမှ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် (၂၁,၀၄၁ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
---------------
NLD လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်အား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Myanmar Digital News)
RFA Burmese Website တွင် ဖတ်ရှုရန် .....
#လွတ်ငြိမ်းခွင့် #လျှပ်စစ်ဝန်ကြီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
မန္တလေး-PDF ရဲ့ အချုပ်ခန်း ထပ်မံဗုံးကြဲခံရပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် လေးဦးသေဆုံး
~~~
■ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အချုပ်ခန်းကို အောက်တိုဘာ ၃၀ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ စခတ (၂) ၇ မိုင်စခန်းကဖမ်းမိတဲ့ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူး နေဝင်း၊ စခတ (၂) သပိတ်ကျင်းက ၄၉ နှစ်အရွယ် တပ်ကြပ် ကိုကိုအောင်၊ အမတ-၃၁၉ မိထ္ထီလာက ၄၉ နှစ်အရွယ် တပ်ကြပ်ကြီးစာရေး အောင်လွင်နဲ့ ပျူစောထီးအဖွဲ့ဝင် ၅၄ နှစ်အရွယ် ဦးဂျော်နီအောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
_____
ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး
#လေကြောင်း #ဗုံးကြဲတိုက်ခိုက်မှု #စစ်ကောင်စီ #MDY-PDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
ပေါက်မှာ ဒေသခံ နှစ်ဦး သတ်ဖြတ်ခံရပြီး ၁၇ ဦး ဖမ်းဆီးခံရ
~~~
■ မကွေးတိုင်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာနဲ့ ရန်ကင်းရွာအနီးက စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့သလို အရပ်သား ၁၇ ဦးကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတယ်လို့ ပေါက်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပေါက်မြို့နယ် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေက စီးနင်းခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ် ဦးဌေးအောင်နဲ့ ဦးသန်းစိန်တို့နှစ်ဦး သတ်ဖြတ်ခံခဲ့ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဦးဌေးအောင်ကတော့ စစ်ကြောင်းမှာပဲ လမ်းမှာ ပစ်သတ်ခဲ့တယ်ဗျ။ ဦးသန်းစိန်ဆိုတဲ့ သူကတော့ ဒီနေအိမ်မှာပေါ့။ စစ်ဘေးရှောင်နေအိမ်မှာ မီးရှို့သတ်သွားတာ။ အဖမ်းခံရတာတော့ ၁၇ ဦးအထိ ရှိပါတယ်ဗျ။ နောက်ပြီးတော့ သံဃာတော် တစ်ပါးပါတယ်။ သံဃာတော်တစ်ပါးကတော့ ဒီစစ်ဘေးရှောင် တစ်နေရာမှာပဲ လူဝတ်လဲပြီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်ဗျ”
ဖမ်းဆီးခံရသူတွေထဲမှာ နာမည်စာရင်း ရရှိထားသူတွေက ဦးမိုး၊ ဦးမိုးညို၊ ကိုငချမ်း၊ ကိုလှညို၊ မဇင်မာဦး၊ ဦးစိုးဝင်း၊ ဦးမောင်အေး၊ ဒေါ်သီတာထွေး၊ ဦးမိုးဒီ၊ ဦးဖိုးချော၊ ဦးငဦး၊ ဦးသန်းမြိုင်၊ ဦးတင်မောင်ဆွေနဲ့ ကိုရဲလင်းနိုင်တို့ ဖြစ်ပြီး သူတို့အားလုံးကို ဒီးဒုတ်ကွင်းရွာကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းချိန်မှာ ထွက်ပြေးခဲ့သူ လေးဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် လေးဦးလုံးဒဏ်ရာရခဲ့ပြီး တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဝင်ရောက်စီးနင်းချိန် စစ်ရှောင်တဲ ခုနှစ်လုံးနဲ့ ဆေးပေးခန်းတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်စစ်ကြောင်းကို ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီးဒုတ်ကွင်းရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဆယ်ဦး သေဆုံးခဲ့ပြီး လက်နက် လေးလတ် သိမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း သေဆုံးတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ခင်ရှည်ရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________
ပေါက်မြို့နယ်အတွင်း စစ်ကောင်စီမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့က တွေ့ရစဉ်။ (ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဓာတ်ပုံ)
#မကွေးတိုင်း #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
မန္တလေးက ပရဟိတမင်းခေါင်အဖွဲ့ စီးနင်းခံရပြီး အသင်းသားတွေ ဖမ်းဆီးခံရ
~~~
■ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံးကို အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အသင်းဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ရှစ်ဦးခန့်ကို ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အသင်းဥက္ကဋ္ဌ ဦးခင်မောင်တင့် အပြင် ၁၄ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အဖွဲ့ဝင် အမျိုးသမီးတချို့လည်း ပါဝင်တယ်လို့ အဲဒီအသင်းနဲ့ နီးစပ်တဲ့ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်စီးကားတွေနဲ့လာပြီး ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ပါသွားတယ်။ ဥက္ကဋ္ဌပါ ပါသွားတယ်။ ထမင်းချက်တဲ့ အစ်မကြီးနဲ့ သမီးတွေလောက်ပဲ ကျန်တယ်။ ကျန်တဲ့သူတွေ အကုန်ဖမ်းသွားတာ။ ၁၄ နှစ်လောက် တစ်ယောက်လည်း ပါတယ်။ ဘာကြောင့် ဘယ်လိုဖြစ်တယ်လို့တော့ မသိဘူး။ ဖုန်းတွေက ဆက်မရဘူး”
ဖမ်းဆီးခံရသူတွေကို ဘယ်နေရာကို ဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးသလို ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သူက ပြောပါတယ်။
ပရဟိတမင်းခေါင်အသင်းအပြင် အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ စျာပနကို လိုက်ပါပို့ဆောင်ပေးတဲ့ တခြားပရဟိတအဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ရှာဖွေကယ်ဆယ်ရေးသမားတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်ကြားတာကတော့ ဒေါက်တာ ဇော်မြင့်မောင် နာရေးကိစ္စကြောင့် ဆွဲခံရတာလို့ ကြားတယ်။ နာရေးမှာပါတဲ့ တခြားအသင်းတွေ အကုန်လုံးလည်း ပါတယ်ပြောတယ်။ ခေါ်မေးတာလား၊ ခေါ်စစ်တာလား အတိအကျ မသိရသေးဘူး”
ဒီရက်ပိုင်းဖမ်းဆီးခံရတဲ့ ပရဟိတအဖွဲ့ဝင်အရေအတွက် အတိအကျကို မသိရသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို RFA က ဒီနေ့ ဆက်သွယ်တဲ့အခါမှာလည်း ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရပါဘူး။
အောက်တိုဘာလ ၈ ရက်နေ့က ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပနကို ပြည်နယ်နဲ့ တိုင်းအသီးသီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ မန္တလေးမြို့ခံတွေ ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
---------------
မန္တလေးမြို့ရှိ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဥ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့)
RFA Burmese Website တွင် ဖတ်ရှုရန် .....
#မန္တလေး #ဖမ်းဆီး #ပရဟိတ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ဟားခါးတိုက်ပွဲမှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို ဖမ်းမိကြောင်း CNF ပြော
~~~
■ ချင်းပြည်နယ် ဟားခါးမြို့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း လေးဦးကို ဖမ်းဆီးရမိတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို အောက်တိုဘာလ ၃၀ ရက် ဒီနေ့မှာ ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့က ဟားခါးမြို့ထဲနဲ့ မြို့အစွန်ကနေရာတွေမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး မြို့အစွန်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းမိတာလို့ ဆလိုင်းထက်နီက ပြောပါတယ်။
“ဟားခါးမြို့ပြင်အလွန်နေရာလေးမှာ ကျနော်တို့တိုက်ပွဲဖြစ်တယ် အဲဒီမြို့ပြင်က စခန်းငယ်တစ်ခုကို ကျနော်တို့ ဝင်သိမ်းနိုင်ခဲ့တယ်ပေါ့။ အဲဒီမှာ သူတို့ဘက်က ဆယ်ယောက်လောက် ပွဲချင်းပြီးကျတယ်။ လေးယောက်ကို အရှင်ဖမ်းထားတယ် အဲဒီအထဲမှာ ဗိုလ်မှူးတစ်ယောက်ပါတယ်ပေါ့”
ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူကထုတ် မပြောပါဘူး။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ကိုင်ဆောင်တဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ဟားခါးမြို့ထဲနဲ့ စခန်းသိမ်းတဲ့နေရာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တို့နဲ့ ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
အောက်တိုဘာလ တိုက်ပွဲတွေအတွင်း ဟားခါးနဲ့ ထန်တလန်ကြားက ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ စခန်းကုန်းတချို့ကို လက်လွှတ်လိုက်ရတာရှိပေမဲ့ စစ်ကောင်စီတပ်ကလည်း အဲဒီနေရာတွေမှာ အပြန်လည်အထိုင်ချနိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
လက်ရှိမှာ ပွင့်လင်းရာသီရောက်လာပြီ ဖြစ်တာကြောင့် စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့နယ်မြေတွေ ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနိုင်ပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ အနေနဲ့လည်း ခုခံစစ်နဲ့ ထိုးစစ် နှစ်ခုလုံးအတွက် ပြင်ဆင်ထားတယ်လို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ပြောထားပါတယ်။
_________
ဟားခါးမြို့အနီးရှိ ကိန်ဗန်ရွန့် စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားစဉ်။ ( CDF Hakha Photo)
#ချင်းပြည်နယ် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
ဆန္ဒပြသပိတ်တွေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ကြိုးစားနေသူ
~~~
■ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်တဲ့ လူငယ်တွေဟာ နည်းလမ်းမျိုးစုံနဲ့ စစ်ကောင်စီကို တော်လှန်နေကြပါတယ်။ စစ်အာဏာရှင် တော်လှန်နေသူတွေထဲမှာ ကဗျာဆရာတွေလည်း ပါဝင်ကြပါတယ်။ စစ်ကိုင်းတိုင်းက ဆန္ဒပြသပိတ်တွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကဗျာဆရာ ကိုလွမ်းသူအကြောင်း မစန်းမော်အောင် တင်ပြထားပါတယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
#ကဗျာ #ဆန္ဒပြ #အာဏာရှင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ပိုတိုးလာကြောင်း ကုလမှာ IIMM တင်ပြ
~~~
■ မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အကြိမ်ရေ ပိုတိုးလာပြီး ပိုပြီးရက်စက်ကြမ်းကြုတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အထောက်အထားတွေကို စုဆောင်းရရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေထဲ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုစီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ကိုင်းက မင်္ဂလာဆောင်တစ်ခုနဲ့ ရခိုင်ပြည်နယ်က ကျေးရွာအချို့ ပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။
အသက်အရွယ်နဲ့ ကျား၊ မ (Gander) အစုံကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုချက်တွေကို ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေဆီက စုဆောင်းရရှိထားတယ်လို့လည်း ရေးသားထားပါတယ်။
မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေကိုလည်း ယန္တရားက စုဆောင်းနေကြောင်းနဲ့ ကျူးလွန်မှုတိုင်းအတွက် ဘယ်နိုင်ငံရေးအဖွဲ့အစည်း ဘယ်သူ့ကိုမဆို ကျူးလွန်ပါက တာဝန်အရှိဆုံးသူတွေကို မခွဲခြားဘဲ ဖော်ထုတ်ဖို့ ယန္တရားက လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေကြောင့် အရပ်သားလူမျိုးစုပေါင်းစုံ ထိခိုက်မှုဒဏ်ခံရပြီး ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အပါအဝင် ရာဇ၀တ်မှုတွေအကြောင်း သတင်းပေးပို့ချက်တွေကို လက်ခံရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒီအထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ထိခိုက်မှုဒဏ်ကို ပိုခံရပြီး သူတို့ဟာ နှစ်ဘက်တိုက်ခိုက်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရသလို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရကာ ရိုဟင်ဂျာသောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရား ရုံးက တရားရေးအာဏာပိုင်တွေဆီကို အချက်အလက်နဲ့ စိစစ်သုံးသပ်ချက်တွေ မျှဝေဖို့ကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာဥပဒေကို အကြီးအကျယ်ချိုးဖောက်မှုတွေကို ဆန်းစစ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) ကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။
________
RFA Burmese Website တွင် ဖတ်ရှုရန်…
#စစ်ရာဇဝတ်မှု #IIMM #ကုလသမဂ္ဂ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်သူ သုံးဦးနဲ့ အဖွဲ့အစည်းတစ်ခုကို EU ပိတ်ဆို့အရေးယူ
~~~
■ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ လူပုဂ္ဂိုလ် သုံးဦးကို ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ပတ်ဝန်းကျင်မှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ အကျိုးအမြတ်ရနေတဲ့ ချစ်လင်းမြိုင်အုပ်စု (CLM) ကို ဒဏ်ခတ်ပိတ်ဆို့လိုက်တာပါ။ CLM ကို တည်ထောင်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF (ခေါ်) ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကိုလည်း ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ EU က ထည့်သွင်းလိုက်ပါတယ်။
ဒါ့အပြင် KNA ဒုတိယအထွေထွေ အတွင်းရေးမှူး ဗိုလ်မုတ်သုံနဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ တိုက်ရိုက်ခိုင်းစေတာကို ဆောင်ရွက်နေသူ ဗိုလ်တင်ဝင်းတို့ကိုလည်း ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အရေးယူတဲ့စာရင်းမှာ ထည့်သွင်းထားပါတယ်။
အရေးယူခံရသူတွေဟာ ကရင်ပြည်နယ် မြဝတီမြို့အနီးက ရွှေကုက္ကို၊ KK Park တို့လိုနေရာတွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်နေတာလို့ EU က ပြောထားပါတယ်။
ကုမ္ပဏီသုံးခုနဲ့ လူပုဂ္ဂိုလ်သုံးခုကို ထပ်တိုးအရေးယူလိုက်တာကြောင့် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံမှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသူ စုစုပေါင်း ၁၀၆ ဦးအထိရှိလာတဲ့အပြင် အဖွဲ့အစည်း ၂၂ ခုကိုလည်း အရေးယူထားကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
အရေးယူထားသူတွေနဲ့ အဖွဲ့အစည်းတွေ အကျိုးအမြတ်ရှိစေမဲ့ ကိစ္စတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆောင်ရွက်မှုတွေကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရေယူတဲ့စာရင်းထဲပါဝင်နေသူတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ခရီးသွားလာခွင့်လည်း ပိတ်ထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းမှာပါဝင်နေတဲ့ BGF ခေါင်းဆောင်တွေကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း တောင်းဆိုတာတွေရှိခဲ့ပါတယ်။
_______
RFA Burmese Website တွင် ဖတ်ရှုရန်…
#အွန်လိုင်းငွေလိမ်ဂိုဏ်း #စောချစ်သူ #ချစ်လင်းမြိုင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
စစ်ကောင်စီကို ဆက်လက်မကူညီဖို့ တရုတ်ကို ဖားကန့်ဒေသခံတွေဆန္ဒပြ
~~~
■ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ရေးအတွက် စစ်ကောင်စီကို ဆက်လက်မကူညီဖို့ တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံပိုင် လေယာဉ်ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတဲ့ Airbus လေယာဉ် ကုမ္ပဏီတို့ကို ကချင်ပြည်နယ် ဖားကန့်ဒေသခံတွေက အောက်တိုဘာလ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ရွာက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကြားမှာ ဆန္ဒပြကြတာလို့ သပိတ်ဦးဆောင်သူတစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလျှော့ချဖို့ စစ်ကောင်စီကို ကူညီနေတဲ့ တရုတ်အစိုးရနဲ့ Airbus လေယာဉ်ကုမ္ပဏီတွေကို ကူညီနေတာတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့နေရာကလည်း စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် နေအိမ်တွေပျက်စီးနေတဲ့ ဆိုင်းတောင်ရွာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်”
ဒီ ဆန္ဒပြပွဲမှာ ဒေသခံငါးဆယ်ထက်မနည်း ပါဝင်ပြီး ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) က လုံခြုံရေးယူပေးတာကို တွေ့ရပါတယ်။
တရုတ်အစိုးရကို ဆန္ဒပြဆန့်ကျင်မှုတွေနဲ့ပတ်သက်လို့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူတို့ကို RFA ကဆယ်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
တရုတ်နိုင်ငံပိုင် လေယာဉ် ကုမ္ပဏီ Aviation Industry Corporation of China ခေါ် (AVIC) ဟာ မြန်မာစစ်တပ် အတွက် လေယာဉ်တွေနဲ့ လက်နက် ပစ္စည်းတွေ ရောင်းချပေးနေပြီး ဥရောပနိုင်ငံတွေ ပိုင်ဆိုင်တဲ့ Airbus လေယာဉ် ကုမ္ပဏီက အဲဒီ တရုတ် AVIC ကုမ္ပဏီ မှာ ရင်းနှီးမြှုပ်နှံပြီး မိတ်ဖက်အဖြစ် ပူးပေါင်း အလုပ်လုပ် နေတာတွေ့ရတယ်လို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်တဲ့ Justice For Myanmar နဲ့ Info Birmanie အဖွဲ့တွေက စက်တင်ဘာလထဲမှာ ထုတ်ပြန်ထားတာပါ။
အခုဆန္ဒပြဆန့်ကျင်မှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ Airbus လေယာဉ် ကုမ္ပဏီတို့က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
တရုတ်ကုမ္ပဏီ AVIC အနေနဲ့ စစ်ကောင်စီလေတပ်ကို ကူညီထောက်ပံ့တာတွေရပ်ဖို့ Airbus ကနေတဆင့် ဖိအားပေးမဲ့ လှုပ်ရှားမှုကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတစ်ဝန်းက သပိတ်အဖွဲ့တွေက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပြုလုပ်လာကြတာ ဖြစ်ပါတယ်။
-----
ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo : Citizen Photo)
#တရုတ် #ဖားကန့် #RFA Burmese #လွတ်လပ်တဲ့အာရှအသံ
RFA Burmese Website တွင် ဖတ်ရှုရန်…
Updated 4:26 PM Oct 20, 2024
စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ခြောက်ခုကို ဗြိတိန်အရေးယူ
~~~
■ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ခြောက်ခုကို ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။
အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်မခံနိုင်တာကြောင့် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်တိုးချမှတ်လိုက်တာလို့ ဗြိတိန်အစိုးရ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
"နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိပါ။ အပြစ်မဲ့ အရပ်သားတွေကို ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ် မဟုတ်ပါ။ ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီကို ပစ္စည်းကိရိယာတွေနဲ့ လေကြောင်းလောင်စာတွေ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်"
အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်ကြောင့် စစ်ကောင်စီကို ဖိအားတွေ တိုးလာမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီအနာဂါတ်အတွက် ယူကေအစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေကို အခိုင်အမာရပ်တည်နေတယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါနိုင်ငံတွေနဲ့အတူ စစ်ကောင်စီရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာတွေနဲ့ အရင်းအမြစ်တွေ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်တာလို့လည်း ဗြိတိန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် အများဆုံးလုပ်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့လည်း ဗြိတိန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited, Progress Technology Support Company Limited (a.k.a Royal Shune Lei) နဲ့ King Royal Technologies Company Limited ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူလိုက်တာပါ။
ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူမှု အသစ်ချမှတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
---------------
တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။ (Photo: Myanmar Military)
RFA Burmese Website တွင် ဖတ်ရှုရန်…
(မှတ်ချက် - ဤသတင်းတွင် ပိတ်ဆို့အရေးယူခံရသည့် ကုမ္ပဏီ ငါးခုအစား ကုမ္ပဏီ ခြောက်ခုဟု ပြန်လည် ပြင်ဆင်ထားပါသည်။)
#လေယာဉ်ဆီ #ဗြိတိန် #အရေးယူ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
နပခ ဌာနချုပ်ကို အာရက္ခတပ်တော်(AA) အလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်နေ
~~~
■ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြီးဆုံးတပ်စခန်းဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က စစ်ကူလမ်းကြောင်းအားလုံးကို ပိတ်ဆို့ဖြတ်တောက်ပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ လက်ရှိမှာတော့ နပခ လက်အောက်ခံ တပ်ရင်းတချို့ကိုလည်း AA သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မယဥ်မျိုးသူ တင်ပြပါလိမ့်မယ်။
#ရခိုင်ပြည်နယ် #အမ်းမြို့ #တိုက်ပွဲများ #စစ်ကောင်စီ #AA #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ဖို့ AA အပြင်းအထန်ထိုးစစ်ဆင်
~~~
#ရခိုင်ပြည်နယ် #အမ်းမြို့ #တိုက်ပွဲများ #စစ်ကောင်စီ #AA #လွတ်လပ်တဲ့အာရှအသံ #rfaburmese
လွိုင်ကော်မှာ ရိတ်သိမ်းပြီးစပါးတွေ နယ်ကျော် သယ်ခွင့်မရ
~~~
■ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ မိုးစပါးတွေ စတင်ရိတ်သိမ်းနေကြပြီး ရိတ်သိမ်းထားပြီးသား စပါးတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးအရ ဂိတ်တွေကနေ မြို့နယ်ဖြတ်ကျော် သယ်ယူခွင့်ကို တားမြစ်ထားတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လွိုင်ကော်မြို့နယ်ထဲက ရိတ်သိမ်းထားတဲ့ စပါးတွေကို ဒီးမော့ဆိုမြို့နယ်ကို သယ်ယူချိန် တားမြစ်ခံရတာတွေ ရှိနေတာပါ။
ကာကွယ်ရေးတပ်ဖွဲ့တွေကို ရိက္ခာထောက်ပံ့မယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသအာဏာပိုင်တွေက တားမြစ်ထားတာလို့ လွိုင်ကော်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကကတော့ KNDF ကိုထောက်ပံ့မယ်ဆိုပြီး ယူဆပုံရတယ်။ အဲဒါကြောင့် ဆန်စပါးတွေကို သယ်ခွင့်မပေးတော့တာပါ။ လည်ပတ်နေတဲ့ ဆန်စက်အများစုကလည်း ဒီးမော့ဆိုမှာ များတယ်။ ဒါကြောင့် ကြိတ်ခွဲဖို့အတွက် အဲဒီဘက်ကိုသယ်တော့ စစ်တပ်ဂိတ်တွေက ပေးမသယ်တာပေါ့”
ဒီ့အပြင် တောင်သူတွေကို စပါးရိတ်ချိန်အဖြစ် မနက် ၇ နာရီကနေ နေည ၃ နာရီအထိ အာဏာပိုင်တွေက သတ်မှတ်ပေးထားတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်အောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
ဆန်စပါးစိုက်ပျိုးနေကြသူတွေအထဲမှာ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်ပြီး အများစုက စိုက်ပျိုးစရိတ်တွေကို ချေးငှားပြီး စိုက်ပျိုးခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကောက်ယူထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း လေးရာကျော် (၄၂၀) နဲ့ စစ်ဘေးဒုက္ခသည်က နှစ်သိန်းနီးပါးရှိနေပါတယ်။
________
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
#ကယားပြည်နယ် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
ဖမ်းဆီးမှုကြောင့် ပြည်ပထုတ်ကုန်တွေ ပြတ်လပ်
~~~
#လွတ်လပ်တဲ့အာရှအသံ #rfaburmese #စစ်ကောင်စီတရားမဝင်ကုန်စည်ဖမ်းဆီး #ကုန်ပစ္စည်းပြတ်လပ်
ပုလောမှာ စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံနှစ်ထောင်ခန့် ထွက်ပြေးနေရ
~~~
■ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာလ ၂၉ ရက် ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေပြီး လူနှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းက ကဒဲရွာကို ဝင်ရောက်စီးနင်းထားပြီး နှစ်ရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်လုံး ဆက်တိုက် မီးရှို့နေတာ။ မီးခိုးလုံးတွေ လှမ်းမြင်ရတယ်။ လက်ရှိ ကဒဲရွာမှာ စစ်ကောင်စီက တပ်စွဲထားလို့ အသေးစိတ်ကိုတော့ မသိရသေးဘူး"
စစ်ကြောင်းဝင်ရောက်နေတာကြောင့် ကဒဲ၊ ကြဲ၊ တပို၊ ဇရပ်ဆိပ် စတဲ့ ရွာတွေက ဒေသခံနှစ်ထောင်ခန့်လည်း ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
စစ်ကြောင်းဝင်ရောက်လာချိန် အောက်တိုဘာလ ၂၆ ရက်နေ့မှာ သင်္ကန်းတောရွာနဲ့ ကဒဲရွာက အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြားရပြီး အတည်မပြုနိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ရွာတွေမှာ ရွာသားအားလုံး ထွက်ပြေးနေရတာရယ်၊ ဖုန်းလိုင်းဖြတ်ထားတာရယ်ကြောင့် အဆက်အသွယ် ပြတ်တောက်နေပါတယ်ဗျ။ အရေးပေါ် အခြေအနေမို့လို့ ဖြေကြားဖို့ အခက်အခဲတွေရှိပါတယ်”
ဒီနေ့မှာတော့ ပ၀တ်ကုန်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ပုလောမြို့နယ် မီးလောင်အော်ရွာက နေအိမ် ၃၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ FE5 Tanintharyi တာဝန်ရှိသူတွေက ပြောထားပါတယ်။
---------------
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
RFA Burmese Website တွင် ဖတ်ရှုရန် .....
#ပုလော #မီးရှို့ #စစ်ကြောင်းထိုး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ရေဘေးကြောင့် သေဆုံးသူ ၄၃၃ ဦး အထိရှိလာ
~~~
■ ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုတွေမှာ သေဆုံးသူ ၄၃၃ ဦးအထိရှိလာပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူက ၇၉ ဦး ရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြို့နယ်ပေါင်း ၁၁၀ က သီးနှံစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့သလို လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန် တစ်သိန်းခုနစ်သောင်းကျော် (၁၇၆၂၄၆ ကောင်) သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီ့အပြင် လူနေအိမ်၊ ရုံးဌာန၊ စာသင်ကျောင်း၊ ဘာဘာသာရေးဆိုင်ရာအဆောက်အအုံ၊ လမ်း/တံတား၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေလည်း ပျက်စီးခဲ့တာကြောင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ အပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက် အချိန်ကန့်သတ်ချက်တွေရှိလို့ အလျင်အမြန် အကောင်အထည်ဖော်မယ်လို့လည်း ဆိုပါတယ်။
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင် ရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ လာမဲ့အောက်တိုဘာလအတွင်းမှာ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ တစ်ကြိမ်စီနဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ တစ်ကြိမ်ခန့် အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်ရောက်ရှိနိုင်ပြီး ရေကြီးမှုတွေ ထပ်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
_________
လွိုင်လင်မြို့နယ် အိမ့်ချစ်ကျေးရွာတွင် ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
#ရေဘေး #သေဆုံး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…