🟢 TNLA ရဲ့ အပစ်ရပ်ကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က တုန့်ပြန်ထားတာ မရှိသေးဘူးလို့ TNLA ပြော၊ နောင်ချိုမှာ စစ်ကောင်စီနဲ့ TNLA တပ်အကြား တိုက်ပွဲဆက်ဖြစ်နေ
မိုင်းရူပ၊ ဒီဇင်ဘာ ၁၁ ရက်၊ နောင်ချို
တအာင်းတပ်မတော်-TNLA ရဲ့ အပစ်ရပ်ကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က တုန့်ပြန်ထားတာ မရှိသေးဘူးလို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
"စစ်ကောင်စီဘက်က အကြောင်းပြန်တာတော့ မရှိသေးဘူး" လို့ ၎င်းက ပြောပါတယ်။
TNLA ဘက်က အပစ်ရပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက် ထိုးစစ်ဆင်တာတွေပြုလုပ်နေတာကြောင့် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနဲ့ ဂန့်ဂေါ်ကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA တပ်အကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
"ဂန့်ကော်မှာ မနေ့အထိ TNLA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဆက်ဖြစ်နေတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ TNLA ဘက်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်ဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်နဲ့ TNLA တပ်တို့အကြား မြေပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်မှာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး သေဆုံးပြီး ဒဏ်ရာရသူဆယ်နဲ့ချီရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 မောင်တောမြို့တစ်ခုလုံးကို AA က ထိန်းချုပ်နိုင်ပြီ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော်သေဆုံး
ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၁ ရက်၊ မောင်တော
အာရက္ခတပ်တော်-AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(၅) ကို ပြီးခဲတဲ့ ဒီဇင်ဘာ ၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ မောင်တောမြို့တစ်ခုလုံးကိုပါ ထိန်းချုပ်နိုင်ခဲ့ပြီလို့ AA က မနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
နခခ-၅ ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်မှာ AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅၅ ရက်ကြာ တိုက်ခိုက်ပြီးနောက်မှာပဲ သိမ်းပိုက်နိုင်တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅၀ ကျော်သေဆုံးနိုင်ပြီး အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-၁၅ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းအများအပြားကို AA က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း AA က ဓာတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
စစ်အင်အား ၇၀၀ ကျော်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ နခခ-၅ ကို နည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့တဲ့အပြင် တပ်မဟာအချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ်ဆင်နိုင်ခဲ့ပြီး အသက်ပေးခဲ့ကြတဲ့ AA စစ်သည်တွေကို လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုကြောင်း AA က ဆိုပါတယ်။
မောင်တောမြို့ကို AA က သိမ်းပိုက်နိုင်တာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့ ၁၂ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အပါအဝင် တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်အကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ မောင်တောမြို့တစ်ခုလုံးလက်လွတ်ခဲ့ရပေမယ့် လက်ရှိအချိန်အထိ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 စစ်ကောင်စီတပ် ပစ်တဲ့လက်နက်ကြီးကြောင့် နောင်ချို ဒေသခံတစ်ဦး ပွဲချင်းပြီးသေဆုံး
လွေးဇွန်မိုး၊ ဒီဇင်ဘာ ၁၀ ရက်၊ နောင်ချို
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် နေ့လည် ၁၁ နာရီမှာ စစ်ကောင်စီတပ်က ဘန်ဘွေးတပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး တရုတ်ကုန်း ရပ်ကွက် (၁) ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၂ နှစ်အရွယ် ဦးဖိုးရှုပ်ဆိုသူ သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
"ဒီနေ့လည်း လက်နက်ကြီးကြောင့် နောင်ချိုမြို့နယ် တရုတ်ကုန်း ရပ်ကွက် (၁) ထဲ တစ်လုံးကျလို့ အမျိုးသားတစ်ဉီး ပွဲချင်းပြီးသေတယ်။ နေ့နေ့ ညညပစ်တယ်" လို့ ပြောပါတယ်။
အလားတူ မနေ့ ဒီဇင်ဘာ ၉ ရက် နေ့လည် ၁၂ နာရီခွဲမှာလည်း စစ်ကောင်စီတပ်က သရက်ကုန်းတောင်ဘက်ကနေ ဆမ္မဆယ်ကျေးရွာကို ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံး အမှတ် (၁) သကြားစက်ရုံအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်းအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် မနေ့ ဒီဇင်ဘာ ၉ ရက် ညကလည်း စစကောင်စီတပ်ပစ်တဲ့ လက်နက်ကြီးဟာ ဆမ္မဆယ်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲတစ်ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အမြောက်တပ်တည်ရှိရာ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ၄ လနီးပါးကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ TNLA ဘက်က တိုက်ပွဲတွေရပ်ပြီး ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Local (မနေ့မှာ လက်နက်ကျည်စ ထိမှန်ပြီး ဒဏ်ရာရသွားတဲ့ နောင်ချိုဒေသခံ)
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 ဟားခါးမြို့နယ်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ မိသားစုဝင် ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
အိုက်ပွီး၊ ဒီဇင်ဘာ ၁၀ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျူံးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား မိသားစုဝင် ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ ချွန်ကျူံးကျေးရွာကို ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးသီးနှစ်လုံး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားတာဖြစ်ပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ချွန်ကျူံးကျေးရွာက အသက်မပြည့်သေးတဲ့ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားပါတယ်။
"ရွာမှာက ဘာတိုက်ပွဲမှမရှိတော့ ရွာသားတွေက ပုံမှန်ပါပဲ။ ဒီနေ့မနက် စစ်ကောင်စီတပ်က ရွာသားတွေ အိပ်မောကျနေတဲ့အချိန် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်သွားပါတယ်။ ဗုံးသီးတွေက နေအိမ်တည့်တည့်ကျပေါက်ကွဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်" လို့ ဟားခါးမြို့နယ် ဒေသခံတစ်ဦး ရွှေဖီမြေသို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေဟာ ဟားခါးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အရပ်သားတွေလည်း ရှိတယ်လို့ သိရပါတယ်။
ချွန်ကျူံးကျေးရွာဟာ ဟားခါးမြို့အနီး ဟားခါး - ဖလမ်းကားလမ်းပေါ်မှာ တည်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလကလည်း စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဟားခါး - ထန်တလန်ကြားက လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 သိန္နီ-ကွမ်းလုံကြားမှာ MNDAA ရဲ့ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ကားပေါက်ကွဲမှုဖြစ်ပြီး အရပ်သား ၂ ဦးနဲ့ ကိုးကန့်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး
မိုင်းရူပ၊ ဒီဇင်ဘာ ၁၀ ရက်၊ သိန္နီ
ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီ-ကွမ်းလုံကြားမှာ ကိုးကန့်တပ်ရဲ့ လက်နက်တွေကို တင်ဆောင်လာတဲ့ကား ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား ၂ ဦးနဲ့ ကိုးကန့်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ လက်နက်တင်ဆောင်လာတဲ့ MNDAA ရဲ့ကားက သိန်းနီးမြို့နယ် နားတီးကျေးရွာမှာ ပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်မှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အနီးအနားရှိ အမျိုးသား ၂ ဦးသေဆုံးခဲ့ကာ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
"တင်လာတဲ့ လက်နက်ခဲယမ်းတွေက တစ်ခုနဲ့ တစ်ခုပွတ်တိုက်မိပြီး ပေါက်ကွဲတာထင်တယ်။ လားရှိုးကနေ သယ်လာတဲ့ လက်နက်ခဲယမ်းတွေလည်း ပါတယ်။ ၅ ဦးသေတယ်။ တစ်ဦးက ဒဏ်ရာပြင်းထန်တယ်" လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကားပေါ်တင်လာတဲ့ လက်နက်ခဲယမ်းတွေပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း မနေ့ ဒီဇင်ဘာ ၉ ရက် နေ့လည်ပိုင်းအထိ ကွမ်းလုံနဲ့ သိန္နီကြားက သွားလာခွင့်တွေကို MNDAA က ပိတ်ပင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
"ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်းမှာဘဲ ရှင်းလင်းရေးတွေ လုပ်နေလို့ သွားလာခွင့်တွေ ပိတ်ထားတယ်။ မနေ့ ညနေပိုင်းတော့ သွားလာလို့ရပြီ"
ကိုးကန်တပ်ဘက်ကတော့ လက်နက်တင်ဆောင်လာတဲ့ကား ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သိန္နီ-ကွမ်းလုံ လမ်းပိုင်းကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက ကိုးကန့်တပ်မတော် MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် TPCC က သဝဏ်လွှာပေးပို့
ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၀ ရက်
အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ရဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးတွေရဲ့ အခွင့်အရေး မြှင့်တင်ဖို့နဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ၊ အမျိုးသမီး ခေါင်းဆောင်မှုမှာ ပါဝင်လာနိုင်ဖို့ကို မဆုတ်မနစ် ကြိုးစား လုပ်ဆောင်ခဲ့တာကြာင့်အပါအဝင် တခြားသော အကြောင်းအရာတွေကြောင့်လည်း ဂုဏ်ယူကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင် အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံဟာ ၂၅ နှစ်အတွင်း မျိုးဆက်သစ် အမျိုးသမီး ခေါင်းဆောင်မှုတွေကို ပြုစုပျိုးထောင်ပေးနိုင်တာ၊ ကျား မ အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်တာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအပြင် တရားဥပဒေချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရှိဖို့ကို လုပ်ဆောင်တဲ့အတွက်လည်း ဂုဏ်ယူကြိုဆိုကြောင်း ပြောထားပါတယ်။
အလားတူ မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC ကလည်း WLB ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာပေးဖို့ထားခဲ့ပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ဟာ အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု စတဲ့ တူညီတဲ့ ရည်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံမှ ကွဲပြားတဲ့တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢ရွှေလီထဲ တစ်ပတ်ကတ်နဲ့ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဖမ်းဆီး၊ တစ်ယောက်ကို ငွေကျပ် သိန်း ၃၀ ပေးရင် မူဆယ်ကိုပြန်ပို့မယ်လို့ ဆို
မျံမ်ခြီရ် ၊ဒီဇင်ဘာ ၉ ရက် ၊ ရွှေလီ
မူဆယ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ဘက်ကို တစ်ပတ်ကတ်နဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဖမ်းဆီးပြီး တစ်ယောက်ကိုမြန်မာငွေကျပ် သိန်း ၃၀ ပေးရင် မူဆယ်ဘက်ကို ပြန်လွဲပေးမယ်လို့ ရွှေလီမှာရှိတဲ့ မြန်မာနိုင်ငံသားတွေက ဆိုပါတယ်။
ရွှေလီမြို့ထဲကို တစ်ပတ်ကတ်နဲ့ဝင်သွားတဲ့ အမျိုးသမီးတစ်ယောက်ဟာ စားသောက်ဆိုင်တစ်ခုမှာ တစ်လကျော် အလုပ်ဝင်လုပ်ပြီး တရုတ်ရဲတွေက ရုတ်တရက် လာရောက်စစ်ဆေးတာကြောင့် အဖမ်းခံထိတာလို့ ဆိုပါတယ်။
"ဖမ်းခံထိတာတော့များတယ်။ ဘယ်နှစ်ယောက်လဲတော့သေချာမသိဘူး။သူက အဒေါ်ကို သူဖုန်းပေးပြီး သူအိမ်နဲ့ဆက်သွယ်ခိုင်းတယ်။ပြီးရင်ပိုက်ဆံသိန်းသုံးဆယ်ကို တရုတ်ရဲတွေဆီ လွဲပေးဖို့လည်းပြောခိုင်းတယ်။"
တရုတ်ရဲတွေဟာ ဒီရက်ပိုင်းအတွင်းမှာဘဲ လာရောက်စစ်ဆေး ဖမ်းခေါ်သွားကြပြီး ဖမ်းခံရတဲ့သူတွေရဲ့ အသိမိတ်ဆွေတွေကနေတဆင့် ပိုက်ဆံလာပေးရင် ဖမ်းဆီးထားတဲ့သူတွေကို မူဆယ်မြို့ဘက်ကိုပြန်ပို့ပေးမယ်လို့ ဆိုထားပါတယ်။
ပြီခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ရွှေလီမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုရာမှာ ပါဝင်တဲ့ မြန်မာအလုပ်သမားကိုးဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာတွေရှိခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းမှာ မြန်မာနိုင်ငံသားတွေကို တရုတ်က မကြာခဏဖမ်းဆီးတာတွေ ပြုလုပ်နေပြီး မူဆယ်ဘက်ကို ပြန်လွဲပေးလေ့ရှိပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢ထိုင်း နဲ့ “ဝ” တပ်ကြား စစ်ရေးတင်းမာမှုဟာ ကောလဟလဖြစ်ကြောင်း “ဝ” တပ်ဘက်က ပြော
ရွေဖီမြေ၊ ဒီဇင်ဘာ ၉ ရက်၊
ထိုင်း နဲ့ “ဝ”တပ်ကြားက စစ်ရေးတင်မာမှုဟာ ကောလဟလ၊ သတင်းတု နဲ့ သတင်းအမှားသာ ဖြစ်တယ်လို့ “ဝ”တပ် ပြင်ပဆက်ဆံရေးဌာနက မနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ကြား ငြိမ်းချမ်းရေးကသာ အဓိက လမ်းကြောင်းဖြစ်လို့”ဝ”တပ် အနေနဲ့လည်း ငြိမ်းချမ်းရေးကိုဘဲ လိုလားတာဖြစ်တဲ့အတွက် သတင်းတု သတင်းအမှားတွေကို သေချာစစ်ဆေးယုံကြည်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။
“ဝ”တပ်ဖွဲ့အနေနဲ့က ငြိမ်းချမ်းရေးကိုဘဲ လိုလားတာဖြစ်တဲ့အတွက် ထိုင်းစစ်တပ်ရဲ့ ရန်သူတွေမဟုတ်သလို စစ်ဖြစ်ပွါးစေတဲ့ ကောလဟလတွေကို “ဝ” တပ်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြည်တွင်းရေး ပဋိပက္ခကြောင့် နှစ်ဖက်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အကြောင်းကြားခဲ့ပေမဲ့ ဒီအရေးကို စစ်ကောင်စီဘက်က ဖြေရှင်းပေးနိုင်မှာ မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုပါတယ်။
ပြီးခဲ့တဲ့ န်ိုဝင်ဘာလ ၂၆ ရက်က ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆိုင်ခရိုင် အတွင်းမှာရှိတဲ့ စည်းမျဉ်းဘက်က “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ စစ်တပ်စခန်း (၇) ခုကို အခုလာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ကိုလည်း ထိုင်းစစ်တပ်ဘက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ ဓနုတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဓနုတပ်ပြော
မိုင်းရူပ၊ ဒီဇင်ဘာ ၉ ရက်၊ ရပ်စောက်
ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ ဓနုတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်-DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ကျောက်ဂူအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်-၃၄၉၊ နောင်ဝိုးအခြေစိုက် ခြေလျင်တပ်ရင်း- ၂၉၂ နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဘက်သို့ စစ်ကူလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။
"တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာက ဒေသခံတွေ တိမ်းရှောင်နေရတာ ရှိတယ်ဗျ။ လက်ရှိ တိုက်ပွဲဖြစ်နေတော့ စစ်ကောင်စီဘက်က တောင်ခမ်းကို စစ်ကူပို့ဖို့ အခက်အခဲ ရှိနိုင်တယ်ဗျ" လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေ မူးဝေအော့အန်တာတွေ ရှိခဲ့တယ်လို့ DPLA က ဆိုပါတယ်။
ရပ်စောက်-ကျောက်ဂူလမ်းကြောင်းဟာ လက်ရှိ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းကျေးရွာဘက်ကို စစ်ကောင်စီက စစ်အင်အားတွေဖြည့်တင်းနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကျောက်ဂူဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
#ဓာတ်ပုံ- DPLA
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 PNO ဖမ်းဆီးသွားတဲ့ ဆီဆိုင်က တွေပူးရွာသူကြီးနဲ့ အဆက်အသွယ်ပြတ်တောက်
လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၉ ရက်၊ ဆီဆိုင်
ရှမ်းတောင် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာက ရွာသူကြီးကို ပအိုဝ်းပြည်သူ့စစ် PNO ဖမ်းဆီးသွားပြီးနောက် လက်ရှိအချိန်ထိ ရွာသူကြီးနဲ့ အဆက်အသွယ်လုပ်လို့ မရသေးဘူးလို့ သိရပါတယ်။
ရွာသူကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့အထိ ဘာသတင်းအစအနမှ မကြားသိရသေးတာကြောင့် အသက်အန္တရယ်စိုးရိမ်ရတယ်လို့ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
"စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ PNO အဖွဲ့တွေက တွေပူးရွာသူကြီးကို ည ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာ။ အခုထိလည်း အဆက်အသွယ်မရသေးဘူး။ ပြန်လည်း မလွတ်လာသေးဘူး" ဆိုပြီး ခွန်ရိန်းယံက ရွှေဖီမြေသို့ ပြောပါတယ်။
PNO ဖမ်းဆီးသွားတဲ့ ရွာသူကြီးဟာ ခွန်ဆာတုန်းကျော်ဆိုသူဖြစ်ပြီး ရွာသူရွာသားတွေ မဲပေးပြီး ရွေးချယ်ထားတဲ့ သူကြီးဖြစ်တာကြောင့်လည်း အခုလို ဖမ်းဆီးထားတဲ့လုပ်ရပ်က ဒီမိုကရေစီကို သတ်နေတာနဲ့ တူတူဘဲလို့ ခွန်ရိန်းယံ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ၎င်းလက်အောက်ခံဖြစ်တဲ့ PNO ပြည်သူ့စစ်တွေဟာ ပအိုဝ်းဒေသမှာ လက်ရှိအချိန်အထိ စစ်ကြောင်းထိုးပြီး ပအိုဝ်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာနဲ့ နေအိမ် မီးရှို့ဖျက်ဆီးတာအပြင် ဒေသခံတွေကို သတ်ဖြတ်တာနဲ့ ဖမ်းဆီးတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ခွန်ရိန်းယံက ပြောဆိုထားဖူးပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်မှာလည်း စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တွေပူးရွာက ကလေး ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ဖူးတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢ရှမ်းမြောက် မြို့နယ် ၅ခုမှာ တစ်နာရီအတွင်း ငလျင်၇ကြိမ် လှုပ်ခတ်မှုဖြစ်၊ အဆောက်အဦး အချို့ ကွဲအက်
ပို့လဘား၊ ဒီဇင်ဘာ ၉ရက်၊ ရှမ်းမြောက်
ရှမ်းမြောက် မြို့နယ် ၅ခုမှာ တစ်နာရီအတွင်း ငလျင်၇ကြိမ် လှုပ်ခတ်မှု ဖြစ်ပွါးခဲ့တယ်လို့ သိရှိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၉ရက် မနက်အစောပိုင်း ၃နာရီကျော်ကနေ ၄နာရီအထိ ရှမ်းမြောက်က မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သန္နီ၊ လားရှိုးမြို့တွေမှာ တစ်နာရီအတွင်းငလျင် ၆ကြိမ်ထိ လှုပ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့ခံတစ်ဦးက " ပထမလှုပ်တဲ့ အချိန်က ငလျင်လှုပ်မှန်းမသိဘူး။ နောက်ထပ်တခါ ပြန်လှုပ်တာ အသံကတော့ ဆိုးဆိုးရွားရွားမြည်တယ်။ အနုမြူဗုံး ကျတဲ့အသံလိုပဲ။ အနီးကပ်ကျတဲ့ အသံမဟုတ်ဘဲ အဝေးက ကျတဲ့ အသံမျိုးဖြစ်နေတာ"
အလားတူ ကွတ်ခိုင်မြို့ အပါအဝင် လားရှိုး၊ သန္နီမြို့တွေမှာလည်း မနက် ၇နာရီခွဲ ဝန်းကျင်မှာ တစ်ကြိမ် ထပ်မံလှုပ်ခတ်သွားခဲ့တယ်လို့ ပြောပါတယ်။
ကွတ်ခိုင်မြို့ခံတစ်ဦးက " ၇ကြိမ်တောင် လှုပ်သွားတာ။ ဒီမနက် ၇နာရီခွဲအကျော်မှာဆို ပိုပြင်းထန်တယ် သူလှုပ်သွားတာ။ အမတို့ အိမ်ပြတင်းပေါက်တောင် ဟသွားတယ်"
ငလျင်လှုပ်ခတ်မှုကြောင့် ကွတ်ခိုင်ရှိ နေအိမ်အချို့ ကွဲအက်တာတွေ ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄အတွင်း မြေငလျင် ၃၁ကြိမ် လှုပ်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ ဒီဇင်ဘာ ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢တောင်ကြီးမှာ ၁ရက်ကို ၂ နာရီဝန်းကျင်သာ လျှပ်စစ်မီးရတာကြောင့် ဒေသခံတွေ အခက်တွေ့နေ
မိုင်းပန်ပျော်၊ ဒီဇင်ဘာ ၁၁ ရက်၊ တောင်ကြီး
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့ပေါ်က ရပ်ကွက်တွေမှာ လျှပ်စစ်မီးက ၁ရက်ကို ၂ နာရီဝန်းကျင်သာ ရနေတာကြောင့် ဒေသခံတွေ အခက်ခဲကြုံတွေနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ကစပြီးတော့ တောင်ကြီးမြို့ပေါ်က ရပ်ကွက်တွေအများစုဟာ ၁ ရက်ကို မီး ၂ နာရီဝန်းကျင်သာမီးရနေတာကြောင့် ဒေသခံတွေက နေထိုင်ရေးနဲ့ ချက်ပြုတ်ရေးစတဲ့ အရာတွေ အခက်ခဲကြုံတွေ့နေရတယ်လို့ တောင်ကြီးဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တောင်ကြီး ဒေသခံအမျိုးသားတစ်ဦးက"တစ်ရက်ကို ၂ နာရီပဲ လာတာ တစ်ခါတစ်လေဆိုရင်လည်း တစ်နေကုန်မလာဘူး။ မီးမရှိတာတော့ အကုန်ပါပဲ သွားလာနေထိုင်ရေး ချက်ပြုတ်စားသောက်ရေး ကလေးစာကျက်တာကအစ အကုန်လုံးက မီမရှိရင်မဖြစ်ဘူး အလုပ်တွေအများစုလည်း မီးရှိမှ လည်ပတ်နိုင်တာ မီးမရှိရင်ကောင်းကောင်းမလည်ပတ်နိုင်ဘူး"လို့ ဆိုပါတယ်။
မီးမလာတာကြောင့် ဒေသခံတွေဟာ ဂတ်မီးအိုးတွေကိုသာ အဓိက အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ညောင်ရွှေ ကလော အောင်ပန်း ပင်းတယမြို့ စတဲမြို့နယ်အများစုတွေမှာလည်း လျှပ်စစ်မီးပြတ်တောက်နေတာတွေကို ကြုံတွေနေရတယ်လို့ သိရှိရပါတယ်။
ဓာတ်ပုံ - Local (ပုံဟောင်း)
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢တောင်ကြီးမှာ မှတ်ပုံတင်သွားလုပ်တဲ့ ရှမ်းမြောက်ဒေသခံတွေ ငွေသိန်းချီပေးဆောင်ရ
ယာရူစိင်း၊ ဒီဇင်ဘာ ၁၀ ရက်၊ တောင်ကြီး
ရှမ်းတောင် စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ တောင်ကြီးမြို့မှာ မှတ်ပုံတင်သွားလုပ်တဲ့ ရှမ်းမြောက်ကဒေသခံတွေဟာ ငွေသိန်းချီပေးဆောင်နေရတယ်လို့ ဒေသခံတစ်ဦးက ရွေဖီမြေကို ပြောပါတယ်။
မှတ်ပုံတင်သွားလုပ်တဲ့ ရှမ်းမြောက်ဒေသခံဖြစ်တဲ့ ရှမ်း၊ ပလောင်နဲ့ တရုတ် အခြားလူမျိုးအပါ လူမျိုးခြားဖြစ်လို့ ငွေပိုပေးဆောင်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
"မှတ်ပုံတင်တော့ လုပ်ပေးတာဟုတ်ပါတယ်။ ဘာလို့ သိန်းနဲ့ချီငွေတောင်းနေတာလဲ မသိတော့ဘူး။ လူမျိုးခြားဖြစ်နေလို့လား မဟုတ်ရင် ရှမ်းမြောက်ကဒေသခံဖြစ်လို့ တောင်းတာလား မသိဘူး။ ကျွန်တော်တို့အိမ်ဆိုလည်း အဆင်ပြေတာ မဟုတ်ဘူး မှတ်ပုံတင်ဘဲလုပ်တာကို သိန်းဂဏန်းနဲ့ ပေးနေရတော့ အဆင်ပြေဘူးလေ"
တောင်ကြီးမြို့ဒေသခံတွေဟာ မှတ်ပုံတင်လုပ်ဖို့ ၃ သောင်းဘဲ ပေးနေရပေမဲ့ ရှမ်းမြောက်ဒေသခံတွေကတော့ ၁ သိန်း ၂ သိန်းလောက်ပေးနေရတယ်လို့ ၎င်းကဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်က ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ တိုင်းရင်းသား လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ရှမ်းတောင် တောင်ကြီးအဝင်ဂိတ်မှာ ဖမ်းဆီးရိုက်နှက်တာတွေလည်း ပြုလုပ်ခဲ့ဖူးပါတယ်။
တောင်ကြီးမြို့ ဟဲဟိုးအဝင်ဂိတ်၊ အောင်ပန်းမြို့အဝင်ဂိတ်နဲ့ သံလမ်းအကူးနားက စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ နဲ့ ယာဉ်ထိန်းရဲပေါင်းပြီး လာသမျှ ကားကြီး၊ ကားသေး၊ လိုင်စင်ကားအပါအဝင် ကားအမျိုးအစားကြည့်ပြီး ငွေသိန်းချီအထိ တောင်းခံတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နောင်ချို သကြားစက်ရုံက ဝန်ထမ်း ၃ ဦး ဒဏ်ရာရ
လွေးဇွန်မိုး၊ ဒီဇင်ဘာ ၁၀ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သကြားစက်ရုံက ဝန်ထမ်း ၃ ဦး လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ ဒီဇင်ဘာလ ၉ ရက် နေ့လည် ၁၂ နာရီခွဲမှာ စစ်ကောင်စီတပ်က သရက်ကုန်းတောင်ဘက်ကနေ ဆမ္မဆယ်ကျေးရွာကို ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးဟာ အမှတ် (၁) သကြားစက်ရုံအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စက်ရုံဝန်ထမ်းအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက "ဒီနေ့ မနက်လည်း ဂန့်ဂေါ်မှာ တိုက်ပွဲတွေ ဖြစ်နေတာ။ စစ်ကောင်စီစခန်းရှိတဲ့နေရာ ထိုးနေတာ" လို့ ပြောပါတယ်။
အဲဒီလက်နက်ကြီး ပစ်ခတ်မှုကြောင့်ပဲ ကားနှစ်စီးနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အမြောက်တပ်တည်ရှိရာ တောင်ခမ်းကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား ၄ လနီးပါးကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။
နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်၊ အုမ္မတီးနဲ့ ရေဝင်းစတဲ့ကျေးရွာအနီးတစ်ဝိုက်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ TNLA ဘက်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်ပြီး ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားတာပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢ရပ်စောက်နယ် ကျောက်ဂူမှာ စစ်ကောင်စီတပ်နဲ့ DPLA တို့က တိုက်ပွဲဆက်ဖြစ်နေ၊ ၁၀ ရက်အတွင်းမှာ စစ်ကောင်စီတပ်ဘက် ၅၀ ကျော် သေဆုံး
လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁၀ ရက်၊ ရပ်စောက်
ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်- DPLA တို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး ၁၀ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကနေ မနေ့ ဒီဇင်ဘာ ၉ ရက်အထိ စစ်ကောင်စီတပ်နဲ့ DPLA တပ်တို့အကြား က တိုက်ပွဲ ၁၀ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
လက်ရှိတိုက်ပွဲကတော့ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတယ်လို့ DPLA ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
DPLA ရဲ့ တာဝန်ရှိသူတစ်ဦးက "တိုက်ပွဲ ၁၀ ရက်အတွင်းမှာတော့ စစ်ကောင်စီဘက်က သေဆုံးတာ ၅၀ ကျော်တယ်။ တိုက်ပွဲကတော့ နှစ်ဖက် ဆိုင်ထားတဲ့ အနေအထားရှိတယ်" လို့ ပြောပါတယ်။
ရပ်စောက်ဒေသခံတစ်ဦးကတော့ တိုက်ပွဲအတွင်း DPLA နဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်သေဆုံးမှုအချို့ရှိပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးတစ်ဝိုက်က ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
"ဓနုတပ်နဲ့ ပူးပေါင်းတပ်ဘက်ကတော့ တစ်ယောက်ကျတာတော့ တွေ့တယ်။ ဒေသခံတွေ ထိခိုက်မှု ရှိမရှိတော့ မသိရဘူး။ ဒေသခံတွေလည်း တိမ်းရှောင်တာတွေရှိတယ် သေချာမသိရဘူး။ အခု ဖုန်းက ပြန်ဆက်လို့မရတော့ဘူး" လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ နှစ်ဖက်တပ် ရင်ဆိုင်ထားဆဲဖြစ်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက်ကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသနဲ့ စစ်ကောင်စီတပ် ဝေးတဲ့နေရာမှာနေထိုင်ဖို့နဲ့ ဘေးကင်းလုံခြုံနေရာမှာ စစ်ဘေးရှောင်ကြဖို့ ဓနုပြည်သူ့- DPLA ရဲ့ တာဝန်ရှိသူက ပြောဆိုထားပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့အတွင်းမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်- DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
#ဓာတ်ပုံ - DPLA
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢နမ္မတူ-လားရှိုး အီနိုင်းတံတား ဖြတ်သန်းသွားလာနိုင်ပြီ
လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၉ ရက်၊ လားရှိုး
ရှမ်းမြောက် နမ္မတူ- လားရှိုးကို ဆက်သွယ်ထားတဲ့ အီနိုင်းတံတားကို ပြန်လည်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၈ ရက်ညနေမှာ စတင်ဖွင့်လှစ်ပေးတာဖြစ်ပြီး ကားကြီး၊ ကားသေးတွေ ဖြတ်သန်းသွားလာလို့ရပေမယ့် ကုန်တွဲကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက "မနေ့ ၈ ရက်ညနေမှ စဖွင့်တာ။ ကားကြီး၊ ကားသေး အကုန်သွားလို့ရပါပြီ။ ကုန်တွဲကားကြီးတော့ မရသေးဘူး။ အရမ်းမခြောက်သေးလို့ ဖြစ်မယ်" လို့ ပြောပါတယ်။
တံတားကို တန်ချိန် ၃၀ လောက်ဘဲ ကန့်သတ်ထားတယ်လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ စတင်ပြုပြင်နေတာဖြစ်ပြီး ပြုပြင်နေတဲ့အတွင်းမှာ ဖောင်ကူးခ ကား တစ်ကြိမ်ကို ၁ သိန်း ၈ သောင်းအထိ ပေးဆောင်နေရတယ်လို့ ဒေသခံတွေ ရွှေဖီမြေကို ပြောဆိုထားပါတယ်။
အီနိုင်းတံတားကို ပြီးခဲ့တဲ့ ၁၀၂၇ ပထမလှိုင်းကတည်းက တော်လှန်ရေးအင်အားစုတွေ လားရှိုးမြို့ထဲ မဝင်နိုင်အောင် ဒီဇင်ဘာ ၃၁ ရက်မှာ စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ပြီး လက်ရှိမှာတော့ ပိုမိုခိုင်မာအောင် ကိုးကန့်တပ် MNDAA က ပြန်လည်ပြုပြင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢ဟားခါး - ထန်တလန်ကြား တပ်စခန်းအားလုံးကို CC အဖွဲ့က သိမ်းပိုက်ရရှိထားပြီး ထိန်းချုပ်ထား
အိုက်ပွီး၊ ဒီဇင်ဘာလ ၉ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်း ၆ ခုကို ချင်းလဲန်းကောင်စီ (CC) လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး ဟားခါး-ထန်တလန်ကြားကိုလည်း ထိန်းချုပ်ထားတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်ဆီက သိရပါတယ်။
CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ရေးအရအရေးပါတဲ့ ဟားခါး - ထန်တလန်ကြား တပ်စခန်းအားလုံး သိမ်းပိုက်ရရှိဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ၁၀ရက် ကျော်အကြာ မနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ဟားခါး - ထန်တလန်ကြား တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီး ဟားခါး-ထန်တလန်ကြားကိုလည်း ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
"နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်တဲ့ အော်တိုစခန်းကို မနေ့ကပဲ သိမ်းပိုက်ရရှိပြီး ဟားခါး - ထန်တလန်ကြား တပ်စခန်းအားလုံး သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။"လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါး - ထန်တလန်ကြား စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၎င်းတို့ တပ်စခန်းတွေ မကျစေရေးအတွက် လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဟားခါး - ထန်တလန် ကားလမ်းကို အဓိက အသုံးပြုပြီး ဟားခါးမြို့ကနေ ထန်တလန်မြို့ တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေနဲ့ စစ်ကူတွေပို့ပေးနေပြီး အခုအခါ စစ်ကောင်စီတပ်ဟာ လက်နက်ခဲယမ်းတွေနဲ့ စစ်ကူတွေပို့ပေးနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။
"အဓိက ထန်တလန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတွေ စစ်ကူမပို့နိုင်ဖို့ ဟားခါး-ထန်တလန်ကြားကို ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်။ အခု ဟားခါး-ထန်တလန်ကြား ထိန်းချုပ်ထားပြီဖြစ်တဲ့အတွက် ထန်တလန်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ စစ်ကူပို့ရင် ကျွန်တော်တို့အလွယ်တကူ တားဆီးနိုင်မယ်ဖြစ်တယ်။"လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် ဟားခါး-ထန်တလန်ကြား စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး ၂၀ ကျော်အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ထန်တလန်မြို့ကို CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်နေပြီး တိုက်ပွဲတွေပြင်းထန်ကာ ဟားခါးမြို့ ရုန်းတောင်တပ်စခန်းကနေ လက်နက်ကြီးကျည်တွေ ပစ်ကူပေးနေပါတယ်။
#ဓာတ်ပုံ - CJ
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢နမ့်ခမ်းက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရွှေလီမှာ အလုပ်သွားလုပ်ရာကနေ ၂လ ကျော်ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ
မိုင်းပန်ပျော်၊ ဒီဇင်ဘာ ၉ ရက်၊ နမ့်ခမ်း
ရှမ်းမြောက် နမ့်ခမ်းမြို့နယ် တာပုံကျေးရွာက အသက် ၁၈ နှစ် အမျိုးသမီးတစ်ဦး တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လကျော်ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်တုန်းကစပြီးတော့ အဲဒီ အမျိုးသမီးဟာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ မူဆယ်မြို့ကနေ တရုတ်ပြည် ရွှေလီမြို့ကို အတူတူသွားကြပြီး အခုလက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ပျောက်ဆုံးနေတဲ့အမျိုးသမီးရဲ့ အမေဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။
"သီတင်းကျွတ်မတိုင်ခင်ပေါ့။ သူသွားတုန်းက ကျမပြောတယ် နမ့်ခမ်းမှာဘဲ အရင်သွားနေလိုက်။ သူက သူ့သူငယ်ချင်းနဲ့ မူဆယ်မှာ သူ့သူငယ်ချင်းနဲ့ တရုတ်ဆိုင်မှာ သွားနေတာ။ ရှမ်းမလေး တစ်ယောက်နဲ့ ကချင်မလေးတစ်ယောက်နဲ့ တူတူနေတယ်။ အဲနောက်သူနဲ့ရှမ်းမလေးနဲ့ တရုတ်ပြည်ထဲဝင်သွားတာ။ အဲကချင်မလေးတော့မဝင်ဘူး။ သူများပြောတာတော့ သူတရုတ်ပြည်ထဲဝင်တဲ့နောက်ပိုင်း စာအုပ်လုပ်ဖို့ နှစ်ခါထွက်လာတယ် အဲ့နောက်ပိုင်း စာအုပ်လည်းလာ လုပ်တာလည်းမတွေ့တော့ဘူး။ လိုင်းတက်တာလဲမတွေ့တော့ဘူး။ အခုထိဘဲ"
အဆိုပါ အလုပ်လုပ်ဖို့ တရုတ်ပြည်ထဲဝင်သွားတဲ့သူဟာ အသက် ၁၈ နှစ်အရွယ် လွေးအေထွန်းဆိုတဲ့သူဖြစ်ပါတယ်။
လွေးအေထွန်းနဲ့ အဆက်အသွယ်ပြတ်ပြီးတဲ့နောက်ပိုင်း အမေဖြစ်သူနဲ့ မိသားစုဝင်တွေက သူမ ရောင်းစားခံရမှာစိုးရိမ်တာကြောင့် လွေးအေထွန်းကိုတွေ့မိရင် 09696669381 ဆက်သွယ်အကြောင်းကြားပေးဖို့ သူမရဲ့အမေဖြစ်သူက တောင်းဆိုထားပါတယ်။
#ဓာတ်ပုံ - CJ
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 မတ္တရာမြို့နယ်က လက်လွတ်ခဲ့ရတဲ့ ကျေးရွာတွေကို မန္တလေး PDF ပြန်လည်ထိန်းချုပ်
မိုင်းရူပ၊ ဒီဇင်ဘာ ၉ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက လက်လွတ်ခဲ့ရတဲ့ ကျေးရွာတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY - PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရွှေဖီမြေကို ပြောပါတယ်။
မတ္တရာအနောက်ဘက်ခြမ်းရှိ မန္တလေး PDF ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြီးခဲတဲ့ ဒီဇင်ဘာလ ၆ ရက်မှာ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတွေကို မန္တလေး PDF က ပြန်လည်ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ထိန်ပင်စောက်ကျေးရွာကို ထိန်းချုပ်ထားစဥ် ကျေးရွာတွင်း နေအိမ်တွေကို မီးရှိုတာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုအော်စမွန်က ပြောပါတယ်။
"ရွာသစ်ကျေးရွာနဲ့ ဝန်စုကျေးရွာကို ကျွန်တော်တို့ ပြန်လည်သိမ်းပိုက်ရရှိတဲ့အချိန်မှာ စစ်ကောင်စီဘက်က ထိန်ပင်စောက်ကျေးရွာကို မီးရှို့ပျက်စီးခဲ့ပါတယ်။ လက်ရှိမှာ ထိန်ပင်စောက်ကျေးရွာကို ကျွန်တော်တို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ" လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ မတ္တရာမြို့နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
နိုဝင်ဘာလထဲမှာ စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မတ္တရာအနောက်ဘက်ခြမ်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢တောထဲကပေါက်တဲ့ ခရမ်းသီးကို စားမိလို့ နမ္မတူမြို့နယ်မှာ မိသားစုလုံးလိုက် အစာအဆိပ်သင့်ပြီး ဆေးရုံတက်ရ
မိုင်းပန်ပျော်၊ ဒီဇင်ဘာ ၉ ရက်၊ နမ္မတူ
ရှမ်းမြောက် နမ္မတူမြို့နယ် ကုန်းကယားကျေးရွာမှာ တောထဲပေါက်တဲ့ ခရမ်းသီးကိုစားမိလို့ တစ်မိသားစုလုံး အစာဆိပ်သင့်ပြီး ဆေးရုံတက်ရောက်ကုသနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်မှာ သားဖြစ်သူက ကျွဲကျောင်းပြီးအပြန်လမ်းမှာ တောထဲက ခရမ်းသီးကို ခူးလာပြီး အိမ်မှာရှိတဲ့ မိသားစုတွေကို ချက်ပြုတ်စားသောက်ကြရာကနေ သတိမေ့လစ်သွားတာကြောင့် နမ္မတူဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ကုန်းကယားရွာဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
"သူတို့ကအိမ်ကသားတစ်ယောက်က ကျွဲသွားမောင်းပြီး ပြန်လာတဲ့ချိန်မှာ တောထဲကခရမ်းသီးကို ခူးလာပြီး သူတို့အဖေက ဟင်းချက်ပြီး သူတို့စားကြတာ။ တစ်အိမ်လုံး သတိမေ့သွားတာ လူသေသွားသလိုပဲ ဘာမှမသိဘူး။ ဆေးရုံရောက်တဲ့အထိ တစ်ရက်အကြာမှသတိရလာတာ။ သတိရလာတာလဲ သူတို့ဘာမှမမှတ်မိဘူး သူတို့စကားပြောတာလဲ နားမလည်ဘူး ဒီနေ့မှပဲ စကားနည်းနည်းအကောင်းပြောလာတယ်"
ကုန်းကယားရွာမှာ အခုလို အစာအဆိပ်သင့်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ၎င်းဆက်ပြောပါတယ်။
အဲဒီအစာအဆိပ်သင့်သူတွေဟာ အသက် ၄၀ကနေ ၇၀ကြားက ဝန်းကျင်က လူတွေ ဖြစ်ကြပါတယ်။
လက်ရှိ အဲမိသားစုဝင်တွေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေနေထိမဖြစ်ပေမယ့် ဆေးကုသနေရဆဲ ဖြစ်ပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay
🟢 အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုဟာ စစ်အာဏာရှင်တွေရဲ့ လှည့်ကွက်သာ ဖြစ်တယ်လို့ TNLA တုန့်ပြန်
/channel/spmnewsagency2019
မိုင်းရူပ၊ စက်တင်ဘာ ၂၇ ရက်
အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာဟာ စစ်အာဏာရှင်တွေရဲ့ လှည့်ကွက်သာဖြစ်တယ်လို့ တအာင်းတပ်မတော်-PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တုန့်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေကို ရွေးကောက်ပွဲဝင်ခိုင်းတာဟာ သူတို့ထံမှာ လက်နက်ချ အညံ့ခံခိုင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
"နိုင်ငံရေးလမ်းစဥ်မှာ ရောက်နိုင်ဖို့ လက်နက်စွန့်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာကတော့ စစ်အစိုးရအဆက်ဆက်က ဖန်တီးထားတဲ့ လမ်းကြောင်းတွေ ဖြစ်တယ်" လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်ကောင်စီတပ်ဟာ ၂၀၀၈ ဖွဲ့ပုံအပေါ်မှာပဲ ရပ်တည်နေတာကြောင့် လက်ခံလို့မရသလို EAOs နဲ့ PDF တွေကိုသာ ကမ်းလှမ်းပြီး NUG ကို ချန်လှပ်ထားတာဟာ တော်လှန်ရေးအင်စုတွေအကြား သွေးခွဲတာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIA ရဲ့ ဒု-ဥက္ကဌ ဒုတိယဗိုလ်ချုပ်ပြီး ဂွမ်းမော်ကလည်း စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမှု ဖိတ်ခေါ်မှုအပေါ် " ဘာကြောင့်အာဏာလွှဲပြောင်းတာလဲဆိုတာကို ထုချေလွှာ တင်ပြ၊ သန်းခေါင်စာရင်း ကောက်မယ့် ကြေညာချက်ဖြစ်နေ၊ ခေါ်ပုံခေါ်နည်း နည်းနည်းလိုနေသလားလိုပါ'' လို ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တုန့်ပြန်ထားပါတယ်။
လာမယ့် အောက်တိုဘာ ၁ ရက်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းတွေကို စတင်ကောက်ယူပြီး ရွေးကောက်ပွဲ ပြုလုပ်မှာ ဖြစ်တာကြောင့် EAOs နဲ့ PDF တွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွတ်ပြီး ရွေးကောက်ပွဲလမ်းကြောင်း သို့မဟုတ် ပါတီလမ်းကြောင်းနဲ့ ပါဝင်ဖို့ စစ်ကောင်စီက မနေ့ စက်တင်ဘာ ၂၆ ရက်မှာ ဖိတ်ခေါ်ထားတာပါ။
စစ်ကောင်စီဟာ EAOs နဲ့ PDF တွေကို ကမ်းလှမ်းပေမယ့် PDF တွေကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုတော့ ချန်လှပ်ထားပါတယ်။
စစ်ကောင်စီတပ်က ပြည်တွင်းက ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်နေပေမယ့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုတော့ နေ့စဥ်လိုလို လေကြောင်းနဲ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
နေ့စဉ်ရက်ဆက် ဗုံးကြဲမှုတွေ လုပ်နေတာကြောင့် အရပ်သား သေဆုံးမှုတွေလည်း နေ့စဉ်တိုးလာနေပါတယ်။
ဓာတ်ပုံ - SPM
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
YouTube
ShwePheeMyayNewsAgency" rel="nofollow">https://youtube.com/@ShwePheeMyayNewsAgency
Website
https://shwepheemyay